Pages

24 August, 2012

မြန်မာတို့ အရှက်ကွဲရပါသည် (၂)



      မြန်မာဆက်သွယ်ရေး ဘာလုပ်နေလဲ?
     
     ဒီလို ကြေငြာပေးတာကတော့ ချစ်စရာကောင်းပါတယ်။ EPC


http://www.khitlunge.org.mm


     တစ်ဖက်မှာလည်း ကိုယ်ပိုင်အတွေ့အကြုံတွေကို ထုတ်ဖော်ထားတာတွေ့ရပါတယ်။ ဒါက MPT အတွက်ပါ


     လျှပ်စစ်မီးကတော့ မိနစ် ၃၀ လောက် ပျက်ပြီး ပြန်လာပေမဲ့ လာလိုက်ပျက်လိုက်နဲ့ stable မဖြစ်ပါဘူး
     မိုးရာသီမို့လို့ လျှပ်စစ်မီးက ကောင်းတယ်လို့ဆိုရပေမဲ့ ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းက ခဏခဏပျက်ပါတယ်
     လျှပ်စစ်မီးက အလှည့်နဲ့လာသလို လက်ရှိသုံးနေတဲ့ ဖုန်းလိုင်း ၃ လိုင်းက အလှည့်နဲ့ပျက်ပါတယ်
     အောက်ပါ မှတ်တမ်းကိုကြည့်ပါ

      July 22     ဖုန်းလိုင်း ပတ်တောက် 
     July 28      ဖုန်းလိုင်း ပတ်တောက်
     
August 6    ဖုန်းလိုင်း ပတ်တောက် 

     August 12  ဖုန်းလိုင်း ပတ်တောက်
     
August 20  အင်တာနက်လိုင်း ပတ်တောက် 

     August 20  အင်တာနက်လိုင်း ပတ်တောက်
 

    အခုလို ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းက ပုံမှန်ဖြစ်မနေဘူးဆိုရင်

   ဒီပုံစံနဲ့ business ကို ဘယ်လိုလုပ်ကြမလဲ လို့ မေး/ပြောရမလို ဖြစ်နေပါပြီ

    * ဖုန်းလက်ကိုင်ကို မ, ပြီးနားထောင်ကြည့်လိုက်တယ် အသံမကြားရဘူး

   နောက် pattern တစ်ခု
    * ဖုန်းခေါ်လိုက်ရင် call မြည်သံကြားရတယ် တစ်ဖက်က မကိုင်ဘူး မရောက်တာလားမသိဘူး

   နောက် pattern တစ်ခု
    * ဖုန်းခေါ်လိုက်ရင် call က တစ်ခါပဲမြည်ပြီး လိုင်းပြတ်ကျသွားတယ်

   နောက် pattern တစ်ခု
    * ဖုန်းခေါ်ပြီးပြောလို့ရနေပေမဲ့ ဖုန်းထဲမှာမိုးရွာသံတွေကြားနေရတယ်

ဒါက သူ့ရဲ့အတွေ့အကြုံတွေပေါ့ နောက်ဆုံးမှာ ရေးထားတာလေးတွေ ခံစားကြည့်ပါဦး

    ဒါဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက အခြေအနေနဲ့ အတူတူပဲ ဘာမှတိုးတက်မှုမရှိသေးပါဘူး
    ဆက်သွယ်ရေးအခြေခံအဆောက်အအုံကို မြန်မြန် တည်ဆောက်စေချင်ပါတယ်

     စာကြွင်း   
               ဒီနေ့လည်း အိမ်မှာ အင်တာနက်လိုင်းမကောင်းလို့ အင်တာနက်ကဖေးကို သွားလိုက်ပါဦးမယ် တဲ့ဗျာ


http://blogs.yahoo.co.jp/winjapn1789/23681175.html


     အဆိုပါ ဂျပန်ဆရာကြီးသည် လွန်ခဲ့သော ၁၅ နှစ်ကတည်းက  မြန်မာနိုင်ငံ (ရန်ကုန်မြို့) တွင်
     အခြေချနေထိုင်ခဲ့သူဖြစ်ပြီး WIN Japanese Language School ကို တည်ထောင်ထားသူဖြစ်သည်
     မြန်မာ့မြေကို ချစ်သည်
     မြန်မာလူမျိုးကို ချစ်သည်


    လွန်ခဲ့သော ၁၅ နှစ်ကတည်းက ယနေ့အထိ သည်းခံနေသည်

    သူ ရေးတာ မလွန်ပါ

    ကျုပ်တို့နိုင်ငံမှာ ၁၅ နှစ်လုံးလုံး သည်းခံ၊ နေထိုင်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါသည်
     
    ဆရာကြီးခင်ဗျား
    ပြည်တွင်းမှာတင်မဟုတ်ပါဘူး ကျုပ်တို့ ပြည်ပကနေခေါ်ရင်လည်း ဒီလိုပါပဲခင်ဗျား





19 August, 2012

မြန်မာတို့ အရှက်ကွဲရပါသည် (၁)



     အစိုးရအပြောင်းအလဲ၊ 
     Good Government, Clean Government, 
     ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်မှု၊ ကြိုးစားမှုတွေနဲ့ နိုင်ငံတကာမှာ နာမည်ကောင်းရနေချိန်

     အားလုံးက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်နေတာက စစ်တပ်။

     ကချင်ပြည်နယ်၊ မိုးညှင်းကရွာတစ်ရွာမှာ အမှတ်(၁၅)ခြေလျင်တပ်ရင်းမှ 
     ဗိုလ်ကြီးဇော်သက်မင်းနှင့်လက်အောက်ငယ်သားတစ်စုက ရှမ်းလူမျိုး ၁၄ နှစ်သမီးကို မုဒိန်းကျင့်တဲ့သတင်းပါပဲ။

     (ဂျပန်လိုရေးထားတဲ့သတင်းဖြစ်တဲ့အတွက် လူနာမည်မှာလွဲချော်မှုရှိနိုင်ပါသည်)



10 August, 2012

ဝန်ဆောင်ခသူခိုး၊ အချိန်သူခိုး၊ တာဝန်မဲ့သူခိုး၊



     ကျုပ်တို့နိုင်ငံရဲ့ အခြေအနေတိုးတက်မှုနှင့်ပါတ်သက်ပြီး ဟိုဟိုဒီဒီ လှန်လှောကြည့်မိသည့်သကာလ...

      - ကျုပ်တို့ မြန်မာပြည်မှာ Internet ဝန်ဆောင်မှုပေးနေတာ ဘယ်လောက်ကြာနေပါပြီလဲ?
      - သုံးစွဲသူတွေရဲ့ ကျေနပ်မှုကိုရရှိနေပါပြီလား?
      - Complain အတွက် ဘာတွေဖြေရှင်းဖို့ စီစဉ်ထားပါသလဲ?
      - Issue, maintenance များအတွက် ကြိုတင်အသိပေးရန် စဉ်းစားပြီးပါပြီလား?
      - ဘာတွေကို ပိုမိုတိုးမြှင့်၍ ဝန်ဆောင်မှုပေးရန်စီစဉ်နေပါသလဲဆိုသောမေးခွန်းထက်
        ဘာတွေလုပ်နေကြပါသလဲဆိုတာကို မမေးခင်မှာ
        ဝန်ဆောင်ခများစွာယူထားပြီး အလုပ်ရောလုပ်ကြပါရဲ့လားဟု အရင်ဦးဆုံးမေးချင်ပါသည်။

        မေးခွန်းမှာ များလွန်းသဖြင့် ချန်လှပ်ထားရပါသည်။   
     
     ကျုပ်တို့ ရိုင်းပြသွားပြီလားဟု ပြန်မေးပါမည်။ မရိုင်းပါ၊ လုံးဝ ( လုံးဝ ) မရိုင်းသေးပါ။

     ဝန်ဆောင်ခများစွာယူထားပြီး အလုပ်ကို
      - သေချာစွာမလုပ်ပါလျင်၊ 
      - ဝန်ဆောင်မှုမကောင်းလျင်၊
      - စေတနာမပါလျင် 

     (၁) ဝန်ဆောင်ခကို ခိုးယူသည့် ဝန်ဆောင်ခသူခိုးဖြစ်သည်၊
     (၂) သုံးစွဲသူများ၏ အချိန်ကို ခိုးယူသည့် အချိန်သူခိုးဖြစ်သည်၊
     (၃) တာဝန်မယူနိုင်သော/ မယူချင်သော တာဝန်မဲ့သူခိုးဖြစ်သည်၊



17 July, 2012

ခဏခဏ အသတ်ခံရတယ်၊ ဘယ်တော့မှ မသေဘူး။























ဟောဒီမြို့ကလေးမှာ ...
တည်းခိုခန်းတွေ ဘာပြုလို့ မရှိတာတုန်း ။
အမြန်လမ်းမကြီးက ဘာပြုလို့ မဖြတ်တာတုန်း ။
ဘူတာရုံကလေးက ဘာပြုလို့ စုတ်ပြတ်နေတာတုန်း ။
ဘာပြုနေတာတုန်း ၊ ဘာကို ပြုနေတာတုန်း ၊ ဘာတွေကို ပြုနေကြတာတုန်း ၊
ပြုခြင်းဟာ မရှင်းမလင်း ...... ။
သဲချောင်းကြီးကနေ ကုန်းရုန်းတက်၊ ချုံတွေ ကြားမှာ ဆိုင်းဘုတ်ကလေးတွေ့မယ်။
ပြောချင်တာက ...
ချုံတွေ ကွယ်ထားတယ် ဆိုင်းဘုတ်ကို
မကွယ်နိုင်ဘူး သမိုင်းကို ... အဲ့လို။


ဒါဟာ လူထူးလူဆန်း တစ်ယောက်ကို ငုံထားတဲ့ မြို့ပေါ့ ။
မကောင်းတာလုပ်သူတွေ စောင့်ရှောက်ခံရပြီး
ကောင်းတာလုပ်သူတွေ စောင့်ကြည့်ခံရတဲ့ ခေတ်မှာ စနစ်မှာ
အမှန်တရားကို သူ့ဆီက အမွေရတယ်။
''မောင်ဖာ ... မင့်သားဟာ ဆူဆူပူပူနဲ့ အကျိုးပေးမဲ့ သားပဲ'' တဲ့ ..
လူကြီးသူမတွေ မှန်းတာ မမှားခဲ့ဘူး ။

အသက်(၂၀)မှာ စာမူတွေကို ဒိုင်ခံဖတ်၊ အက်ဆေးတစ်ပုဒ်အတွက် ကျောင်းထွက်ခဲ့တဲ့ သူ့ကို
အခုတော့ ညလုံးပေါက် အရက်ဆိုင်တွေ ၊ ဂိမ်းဆိုင်တွေက ခနဲ့တဲ့တဲ့ ပြုံးတယ်။
ရည်းစားစကား မပြောရဲလို့ ဆေးရုံပေါ်က ဆင်းပြေးတဲ့ သူ့ကို
''အချိန်ပိုင်း တည်းခိုနိုင်သည်'' ဆိုတဲ့ ဆိုင်းဘုတ်က လက်ညှိုးထိုးပြီး ရယ်တယ်။
သမီးကလေး ခမည်း ပေးဖို့ ရွှေကလေး တစ်ပဲ၊တစ်မူး အတွက်
နယ်မြို့လေးဆီ ပြန်တက်၊ အမွေတောင်းတဲ့သူ့ကို
လက်မှတ်တစ်ချက်ထိုး သိန်းငါးထောင် ဆိုသူတွေက မျက်စိတစ်ဖက်မှိတ် ပြောင်ပြတယ်။
ရွှေဘိုက အငြိမ့်မင်းသမီး ညိုညိုယဉ်နဲ့ အတွေ့၊ စာရိတ္တသတ္တိကို လှစ်ခနဲအပြ
''ကျုပ်မှာ ကာမပိုင်နဲ့ ဗျ'' တဲ့ ။
ဒါကို ကောင်မလေးတစ်သိုက် ရင်ဘတ်ထဲ ဒေါ်လာတွေ ထိုးညှပ်ထည့်ပေးနေသူက
လက်ခုပ်လက်ဝါး တီးပြီး လှောင်တယ်။
သူက ရုံးသွားရင်း ကားပေါ်ကဆင်း လမ်းဘေးမှာ အကြော်စားတော့
အထူးယာဉ်တန်းနဲ့ တိုက်ပစ်လိုက်သူက သေသွားတဲ့ ဆိုက်ကားသမား မိသားစုကို တရားစွဲတယ်။
သူက နိုင်ငံအကြောင်းစဉ်းစားရင်း ဆံပင်ညှပ်မပြီးခင် ထထွက်သွားတော့
''ညီမလေး .. ရေစုံမီးစုံပြုစုပေးကွာ ၊ မုန့်ဖိုးပေးမယ်'' ဆိုသူက
မျက်လုံးမှိတ်ရင်း မထီမဲ့မြင်လုပ်တယ်။
တစ်ဆင့်ခံနဲ့ ပြောတဲ့ ရည်းစားစကားက
'''ကျုပ်မှာ အချိန်မရှိဘူး ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းရဦးမယ် ၊ ကျုပ်မေတ္တာကို မြန်မြန်တုံ့ပြန်ဗျာ''' တဲ့ ။
ပထမတော့
ရယ်ချင်စရာကြီး / ပြုံးချင်စရာကြီး / သဘောကျချင်စရာကြီး / အားနာချင်စရာကြီး / အူယားချင်စရာကြီး ။
နောက်တော့
မဲ့ချင်စရာကြီး / လေးစားချင်စရာကြီး / ငိုချင်စရာကြီး / ကြည်ညိုချင်စရာကြီး / ရင်ထဲ ဆို့ချင်စရာကြီး ။

၃၂ နှစ်သားကလေးဟာ ...
နှုတ်ခမ်းမွှေး ပေါက်မသွားဘူး၊ ကျည်ဆန် ၁၃ တောင့်ရသွားတယ်။
အ၀တ်အစားကောင်းကောင်း မရှိဘူး၊ သွေးအိုင်ထဲ လဲ နေတယ်။
ဗိုက်မရွှဲသွားဘူး၊ ဗိုက်ရွှဲကြီးတွေက မနာလိုတယ်။
ခဏခဏ အသတ်ခံရတယ် / ဘယ်တော့မှ မသေဘူး ။
သတ်ကွင်းနေရာ ( ငွေစက္ကူ ၊ နံရံပေါ် ၊ သီချင်းထဲ ၊ စာအုပ်ထဲ ၊ ပန်းချီထဲ ၊ နှလုံးသားထဲ ) ။
''ကျုပ်နဲ့ ကိုယ်ကျင့်တရားချင်း ယှဉ်ချင်တဲ့လူ လာဗျာ'' တဲ့ ..
၉၇ နှစ်နှစ် ရှိပြီ .. ။ ခေတ် ( ၄ ) ခေတ်လောက်ရှိပြီ .. ။
ဘယ်သူမှ တုပ်တုပ်မလှုပ်ရဲသေးဘူး ။
မလှုပ်ရဲသေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ဝံ့သေးဘူး ၊ မြုပ်နေတုန်း
မလှုပ်ကြသေးဘူး ၊ မြုပ်နေတုန်း
လှုပ်ဖို့ မကြိုးစားဘူး ၊ မြုပ်နေတုန်း
လှုပ်လေ မြုပ်လေ မဟုတ်
ငါတို့ဟာ မလှုပ်လေ အောက်ဆုံးထိ စုံးစုံးမြုပ်လေပေါ့ ။
ကျုပ်တို့ဟာ ရာဇ၀င်မှာ အဆဲခံရမဲ့ လူစားတွေလား
ရာဇ၀င်မှာ အရေးခံရမဲ့ လူစားတွေလား
မျက်ရည်တွေတွေ ကျရင်း ပြန်စဉ်းစား ..
အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ
တိုင်းရင်းသား အပေါင်းတို့ မမေ့မလျော့ ကြကုန်နှင့်
သတိတရား နဲ့ ပြည့်စုံကြကုန် ။

 ဟိန်း (17.7.2012)

06 July, 2012

ဂျပန်ရောက်နိုင်ငံခြားသားများ ရင်ခုန်နေကြတဲ့ ၂၀၁၂.၇.၉



(မှတ်ချက်။   ။ နိုင်ငံခြားကျောင်းသား/သူတွေက တစ်နေ့ကို (၄) နာရီပဲ အချိန်ပိုင်းလုပ်ရမယ်ဆိုတာ
                 အရင်ကတည်းကသတ်မှတ်ထားပြီးသားဆိုပေမဲ့ နားလည်မှုနဲ့ အလုပ်ချိန်ပိုလုပ်လို့ရပါတယ်။
                 ကျောင်းလခ၊ ကျန်းမာရေးအခွန်၊ အိမ်လခ၊ လမ်းစရိတ်၊ phone bill နဲ့လက်ထဲမှာပိုလျှံတဲ့လ
                 တွေဆိုရင် အိမ်ကို ပို့ကြပါတယ်။ ကျောင်းပြီးသွားရင် ရေစက်ချတဲ့အဆင့်မဟုတ်ပဲ 
                 ဂျပန်ကုမ္ပဏီတွေမှာ အလုပ်ဝင်လုပ်နိုင်ဖို့ အနာဂါတ်ရည်မှန်းချက်တွေရှိကြတယ်။

                 ဂျပန်မှာ အကြမ်းအားဖြင့် ဒုက္ခ ( ၂ ) မျိုးရှိတယ်၊ နိုင်ငံရေးဒုက္ခသည် နဲ့ စီးပွားရေးဒုက္ခသည်။
                 နိုင်ငံရေးဒုက္ခသည်ဆိုတာ လက်ချိုးရေလို့ရတယ်၊ နိုင်ငံရေးကို ခုတုံးလုပ်ပြီး တစ်နေကိုစီးပွား
                 ရှာနေတဲ့ ဒုက္ခသည်က ရိုက်သတ်လို့မကုန်ဘူး။ စီးပွားရေးဒုက္ခသည်မှာလည်း ဒီလိုပဲ။
                 နောက်ပိုင်း ဒုက္ခသည်သွားလျှောက်ရင် ( ၃ ) လ တစ်ခါသက်တမ်းတိုးစနစ်နဲ့ပဲသွားတော့
                 တယ်။ လုပ်စားနေကြတာတွေ သိကုန်ပြီလေ။ ( ၃ ) လ တစ်ခါသက်တမ်းတိုးတဲ့အချိန်
                 ဂျပန်လဝက က မေးပြီးသားမေးခွန်းတွေပဲ ထပ်ခါထပ်ခါမေးတာကို သည်းခံပြီးဖြေ၊ ပြီးရင်
                 နောက်ထပ် ( ၃ ) လ ထပ်နေခွင့်ရမယ်၊ မနက်ဖြန် တစ်နေကုန်အလုပ်ပြန်ဝင်ရမယ်၊ ( ၃ ) လ
                 မှာမှ ဒီတစ်ရက်လေးပဲဒုက္ခခံရတာ၊ ကျောင်းလခလည်းရှာစရာမလိုဘူး၊ ကျန်းမာရေးအခွန်က 
                 မဆောင်လည်းရတယ်၊ ထမင်းကိုအလုပ်မှာရအောင်စားမယ်၊ ဘာလိုသေးလဲ?
                 (လူကိုကြည့်တော့ အကောင်းပကတိ၊ အလုပ်ကလည်းလုပ်နိုင်လိုက်တာ အဲဒါကို 
                  ဒုက္ခသည် ဆိုတော့ ကျန်တဲ့လူတွေက ဘာပြောရမှန်းတောင် မသိဘူး။)

                နိုင်ငံခြားကျောင်းသား/သူတွေရဲ့ အလုပ်ချိန်ကို တင်းကြပ်လိုက်မယ်ဆိုရင် (တစ်နေ့ကို ၄ နာရီ
                သာ အချိန်ပိုင်းအလုပ်လုပ်ရတော့မည်ဆိုရင်) ပျမ်းမျှ တစ်နာရီကို ယန်းတစ်ထောင်၊ တစ်နေ့
                ကို ယန်းလေးထောင်၊ တစ်လကို ယန်း တစ်သိန်းနှစ်သောင်း။
                ကျောင်းလခက အနည်းဆုံး တစ်နှစ်ကို ယန်း ခြောက်သိန်း (တစ်လကို ယန်း ငါးသောင်း 
                စုထားမှရမယ်)
                နေစရာအိမ်က စုပေါင်းပြီးနေကြမယ်ဆိုရင် တစ်ယောက်ကို တစ်လ ယန်း သုံးသောင်း၊
                လက်ကျန် ယန်း လေးသောင်းနဲ့?????????
                
                လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်ကိုမေ့ပြီး ဘဝကို အလွယ်တွေး၊ အလွယ်လျှောက်မယ်
                ဆိုရင်တော့ ခေါင်းရှုပ်မခံကြဘူး၊ ဒုက္ခသည်ဗီဇာသွားလျှောက်လိုက်ရုံပေါ့။

                ဂျပန်ဆိုတာက အမေရိကားက A ဆိုရင် သူတို့က A
                                   အမေရိကားက B ဆိုရင် သူတို့က B
          
                သူတို့ကိုယ်သူတို့ကတော့ အရာရာကို safe ဖြစ်အောင် ဝိုင်းဝန်းစဉ်းစားပြီးမှ လုပ်ကြတယ်
                ပြောတာပဲ။

                အနာဂါတ်မဲ့၊ ရည်ရွယ်ချက်မဲ့၊ အကြောင်းမဲ့သက်သက် ဒုက္ခသည်ဗီဇာရေစီးကြောင်းမှာ 
                ကျွန်ုပ်တို့၏ အနာဂါတ်ရတနာလေးတွေ နစ်မျောမသွားပါစေနဲ့ဟုသာ ဆုတောင်းရင်း.....
                (တာတေကြီး)

ဇူလိုင်လ ၉ ရက်နေ့ကနေစတင်ပြီး အသက်ဝင်ကျင့်သုံးတော့မယ့် နိုင်ငံခြားများကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တော့မယ့် Zairyu Card(သို့မဟုတ်) I.C Card ဂျပန်ရောက်မြန်မာများလဲ ရင်ခုန်စွာနဲ့စောင့်နေကြပါတယ်။

ဒီဥပဒေပြဌာန်းဖို့ကို ၂ဝဝ၉ ခုနှစ် လဆန်းပိုင်းကတည်းက လစ်ဘရယ်ဒီမိုကရက်တစ်ပါတီLDP (အဆိုပါအချိန်တုန်းက အာဏာရ အစိုးရဖြစ်ပြီး ယခုအတိုက်အခံပါတီ)က အထက်လွှတ်တော်ကို တင် သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းရတဲ့အကြောင်းအချက်တွေကတော့-

ပြည်တွင်းအုပ်ချုပ်ရေးကို ပိုမိုအထောက်အပံ့ပေးနိုင်မယ့် ဝန်ဆောင်မှု မျိုးနှင့် အကြမ်းဖက်လုပ်ဆောင်မည့် နိုင်ငံခြားသားများ၏ရန်မှ ကာကွယ် နိုင်ရန်အတွက်လို့ ဆိုပါတယ်။ ဒါ့အပြင် အခြေချနေထိုင်ခွင့်ရရှိထားသူ နိုင်ငံခြားသားများ၏အခြေအနေကိုလည်း ဗဟိုအစိုးရမှ တိုက်ရိုက်ထိန်းချုပ် ပြီး ဘာတွေလုပ်နေတယ်၊ ဘယ်သူနဲ့ဘယ်မှာနေထိုင်နေတယ် (ဟန် ဆောင်လက်ထပ်ထားခြင်းကိုဆိုလိုခြင်းဖြစ်သည်) ချမှတ်ပြဌာန်းထားတဲ့ ဥပဒေနှင့်ညီလျော်စွာ နေ-မနေ(ရာဇဝတ်မှုကျုးလွန်ခြင်းရှိ-မရှိ)ပေးဆောင် ရမည့် ဝင်ငွေခွန်(အခွန်ဆောင်-မဆောင်)နဲ့ အစိုးရအပေါ် လိမ်လည်ပြီး နေထိုင်လုပ်ကိုင်ခြင်းရှိ-မရှို(ဗီဇာအတုပြုလုပ်ခြင်း၊ လိမ်လည်ပြီး နေထိုင်ခွင့်ရ ယူထားခြင်း၊ ထောက်ပံ့ကြေးယူပြီး အလုပ်ခိုးလုပ်နေခြင်း၊ သတ်မှတ်ချိန် ထက်ကျော်လွန်ကာ အလုပ်လုပ်နေခြင်းနှင့် work Permitt Visa ဖြင့် တခြားတနေရာတွင် တရားမဝင်အလုပ်လုပ်ကိုင် နေခြင်းကိုဆိုလိုခြင်း ဖြစ်သည်)တို့ကို အလွယ်တကူစုံစမ်းသိရှိနိုင်ဖို့အတွက် လို့ ဆိုပါတယ်။

LDPပါတီက ရေးဆွဲတင်သွင်းခဲ့တဲ့ နိုင်ငံခြားသားထိန်းချုပ်မှုဆိုင်ရာ ဥပဒေသစ်ကို လက်ရှိအာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ DPJ(အဆိုပါအချိန်တုန်းက အတိုက်အခံပါတီအဖြစ်နှင့်သာ တည်ရှိသေး)နဲ့ New Komeito(ဘုန်းကြီးပါတီ) ပါတီတို့က သဘောတူထောက်ခံခဲ့လို့ ၂ဝဝ၉ ခုနှစ် ဇူလိုင်(၁၅)ရက်နေ့မှာ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ပြင်ဆင်လိုက်သော ဥပဒေသစ်အရ လက်ရှိကိုင်ဆောင်နေတဲ့ နိုင် ငံခြားသားမှတ်ပုံတင်ကဒ်ဥပဒေကို ဖျက်သိမ်းတော့မှာဖြစ်ပါတယ်။ ဒါ့ပြင် လူဝင်မှုကြီးကြပ် ရေး၏ထိန်းချုပ်မှုပုံစံနှင့် နေထိုင်မှုမှတ်ပုံ တင်ဥပဒေများကို လုံးဝပြောင်းလဲပစ်မှာဖြစ်ပြီး နိုင်ငံခြားသားများနှင့် ပတ်သက်သည့် အချက်အလက်များ အားလုံးကို ဗဟိုအစိုးရက ကိုင်တွယ်မှာဖြစ်ပါတယ်။

ဥပဒေကြမ်းရေးဆွဲရာ၌ ကူညီခဲ့သူ DPJမှ ဥပဒေပြုပုဂ္ဂိလ် ‘ရီဆူအို ဟို ဆိုကာဝါ’ကတော့ ”နိုင်ငံခြားသားတွေ ဘယ်လောက်ရှိလဲ၊ ဘယ်မှာနေ လဲဆိုတာတွေ သိဖို့လိုပါတယ်။ ဒီအချက်အလက်တွေစုစည်းပြီး တရားရေး ဝန်ကြီးဌာနမှာ ထားရှိဖို့လည်း အင်မတန်လိုအပ်ပါတယ်။ ဒါမှသာ သာမန် ဂျပန်ပြည်သားတစ်ဦးလိုပဲ ဥပဒေလိုက်နာပြီး ကောင်းကောင်းမွန် မွန်နေထိုင်တဲ့ နိုင်ငံခြားသားတွေ ပြန်ပို့မခံရအောင် ဒါမှမဟုတ် ပုန်း လျှိုပြီး မနေရအောင် ကျနော်တို့ဆောင်ရွက်သွားမှာပါ”လို့ ဆိုပြန်ပါတယ်။

ဂျပန်တရားရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအထိ ထုတ်ပြချက်အရ ဂျပန်နိုင်ငံတစ်ဝှမ်းတွင် နိုင်ငံခြားသား ၂ သန်း ၃ သိန်းကျော်ရှိပြီး အထောက်အထားမဲ့ နေထိုင်သူ ၁၁ဝ,ဝဝဝ ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီဥပဒေကို စတင်ပြဌာန်းတာက အမေရိကန်ပါ။ ၉-၁၁ ဖြစ်ပွားပြီး သူ့နိုင်ငံအတွင်း နိုင်ငံခြားသားအကြမ်းဖက်သမားရန်(အထူးသဖြင့် အစွန်းရောက် အစ္စလာမ်)ကာကွယ်ဖို့နဲ့ နိုင်ငံတော်လုံခြုံရေးအတွက်ပါ။နောက် ဥရောပနိုင်ငံတွေမှာပါ ဆက်လက်ကျင့်သုံးပါတယ်။

ဥပမာ- အမေရိကန်နိုင်ငံမှာဆိုရင် နိုင်ငံခြားရော နိုင်ငံသားပါ တစ်ပြေးညီ ကျင့်သုံးပါတယ်။

အင်္ဂလန်ကျတော့ မနှစ်က အစွန်းရောက် အစ္စလာမ်တွေရဲ့ ဗုံးဖျောက်ခွဲမှုအပြီး ပညာလာသင်တဲ့သူရော၊ နိုင်ငံခြားသား ကျောင်းသူ/သားများကို လုံးဝ အလုပ်လုပ်ခွင့် မပြုတော့ပါဘူး။ အာမခံထားတဲ့သူ(စပွန်ဆာပေးသူ)က နိုင်ငံခြားသား ကျောင်းသူ/သားရဲ့ စားရိတ်စကကို ခံရပါတယ်။ ကျောင်းပြီးတာနဲ့ နေရပ်ပြန်ခိုင်းပါတယ်။ ဒါကလည်း ခုနကပြောသလို အစွန်းရောက်တွေကြောင့် ဖြစ်သွားတာပါ။အာရှမှာတော့ မြောက်ကိုရီးယားနိုင်ငံက စတင်ကျင့်သုံးပါတယ်။

အသစ်ထုတ်မယ့် zairyu card ကိုကိုင်ဆောင်ခွင့်ရမယ့်သူများ၊ထုတ်ပေးရန်မလိုအပ်သူများ၊ထုတ်မပေးမည့်သူများဆိုပြီး ၃မျိုးခွဲထားပါသေးတယ်။

အဓိကပြဿနာကတော့ အခုဥပဒေအသစ်ကြောင့် အလုပ်လုပ်ခွင့်တွေကို သတ်မှတ်ထားတဲ့အချိန် ဥပမာ- ကျောင်းသားဆိုလျင် တစ်ပတ် ၂၈ နာရီ၊(ကျောင်းသားတွင် ထပ်ခွဲထားပါသေးတယ်။ တပတ် ၂၈ အလုပ်လုပ်ခွင့်ရှိတဲ့ကျောင်းသားနဲ့၊ Ryugakusei(留学生)လို့ခေါ်တဲ့ ပညာလေ့လာဆည်းပူးသင်ကြားသူကျောင်းသား၊(留学生 သမားများကတော့ အလုပ်လုပ်ခွင့် ကန့်သတ်နိုင်ပါတယ်။ အဆိုပါပညာသင်များကို အာမခံပေးပြီး ခေါ်ယူထားတဲ့ မိသားစုက အစအဆုံး တာဝန်ယူရမှာဖြစ်ပါတယ်)တစ်ပတ် ၂၈ နာရီသာ အလုပ်လုပ်ခွင့်ရှိတဲ့ကျောင်းသားကို အလုပ်ရှင်က ထိုထက်ပို၍ အလုပ်ခန့်အပ်ထားပါက-

(က)ယခုဥပဒေသစ်တွင် ထောင် ၃ နှစ် (သို့) ဒဏ်ငွေ ယန်းသောင်း ၃၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။ အလုပ်ချိန်ပိုလုပ်တဲ့ကျောင်းသားကိုလည်း ပထမအကြိမ် ဒဏ်ငွေ သောင်း ၂၀ တပ်မှာဖြစ်ပါတယ်(မဆောင်နိုင်လျင် ထောင်ချပြီး ပြန်တော်ပြန်ပို့မှာဖြစ်ပါတယ်)

(ခ) တစ်ပတ်လျင် အလုပ်ချိန် ၂၈ နာရီသာလုပ်ခွင့်ရှိသောကျောင်းသားတစ်ယောက်အနေဖြင့် တစ်ပတ်ထဲတွင် A ကုမ္ပဏီ၌ အလုပ်ချိန် ၂၈ နာရီ၊ B ကုမ္ပဏီ၌ အလုပ်ချိန် ၂၈ နာရီ၊ အစရှိသဖြင့် လုပ်ကိုင်သူဖြစ်ပါက ယခင်က မသိခဲ့သော်လည်း ယခုစနစ်သစ်တွင် Jūminhyō (住民票)ကြောင့် အားလုံးပေါ်မှာဖြစ်ပါတယ်။

ဒါမျိုးတွေ့ရှိသွားပါက အလုပ်ချိန်ပိုလုပ်နေသည့် ကျောင်းသားကိုသာ အရေးယူမှာဖြစ်ပြီး ဒဏ်ငွေ(သို့)ထောင်(သို့)ပြည်တော်ပြန်ပို့မှာဖြစ်ပါတယ်။

Work Visaသမားဆိုလျင် မိမိအားခေါ်ခန့်ထားသည့် ကုမ္ပဏီမှလွဲ၍ တခြားတွင် လုပ်ခွင့်မရှိပါ။အလုပ်သင်(Training Visa)၊ အလုပ်လုပ်ခွင့်မရရှိသေးသည့်သူများ( ဗီဇာ ၃ လအထက်ရှိသော်လည်း လ၀ကထံတွင် အလုပ်လုပ်ခွင့်စာရွက်မရှိရှိသေးသူများ၊ ဥပမာ- ဗီဇာလက်ဝယ်ရှိပြီး ဒုက္ခသည်လျှောက်ထားသူများကို လ၀ကမှ ပထမသက်တမ်း ၆ လတွင် အလုပ်လုပ်ခွင့်စာရွက်ထုတ်မပေးသေးခြင်း၊ မှီခိုဗီဇာဖြစ်သော်လည်း အလုပ်လုပ်ခွင့်စာရွက်မရှိသေးသူများ၊ ဗီဇာအပြောင်းအလဲကြောင့် အလုပ်လုပ်ခွင့် ယာယီဆိုင်းငံ့ထားခံရသူများ) လုံးဝ အလုပ်လုပ်ခွင့်မရှိတော့ပါ။ စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ(သို့)ထောင်(သို့)ပြည်တော်ပြန်ပို့မှာဖြစ်ပါတယ်။

အေးဂျူး(permanent resident)永住民၊ တေးဂျူး(Long term Resident)定住者၊ ဂျပန်လူမျိုးနှင့်လက်ထပ်ထားပြီး အေးဂျူး(သို့)တေးဂျူးရရှိထားသူများ၊ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသည့်သူများ၊ (R ဗီဇာ၊ S S ဗီဇာနှင့် Designated Activities(တော့ခုတေး)များကတော့ အလုပ်လုပ်ချိန်ကို မိမိလုပ်နိုင်သလောက် အကန့်အသတ်မရှိလုပ်နိုင်ပါတယ်။

အထူးသတိပြုရမယ့်အချက်က အလုပ်ပြောင်းရွေ့လျင် (သို့)အိမ်ပြောင်း၊ နေရာပြောင်း၊ ဗီဇာအမျိုးအစားပြောင်းလျင် ဗဟိုအစိုးရ(လ၀က)ထံသို့ ၁၄ ရက်အတွင်း အကြောင်းသွားကြားရမှာဖြစ်ပါတယ်။

Haigusha(配偶者ビザ)လို့ခေါ်တဲ့ မှီခိုဗီဇာသမားလည်း အလုပ်လုပ်ခွင့်ရှိသူနဲ့ မရှိသူဆိုပြီး နှစ်မျိုးရှိပါတယ်။(ဥပမာ- Work Visaသမားရဲ့ ဇနီး(သို့)ယောကျာင်္းများဟာ အရင်ဥပဒေဟောင်းကတည်းက အလုပ်လုပ်ခွင့်မရှိပါဘူး။ အလုပ်လုပ်ချင်ရင် ဗဟိုအစိုးရ(လ၀က)ထံမှာ အကြောင်းပြချက်ပြောပြီး အလုပ်လုပ်ခွင့် တောင်းခံရမှာဖြစ်ပါတယ်)

-ဂျပန်လူမျိုးနှင့် လက်ထပ်ထားပြီး Haigusha(配偶者ビザ)လို့ခေါ်တဲ့ မှီခိုဗီဇာသာ ကိုင်ဆောင်ခွင့်ရှိသူကတော့ အလုပ်ချိန်အကန့်အသတ်မရှိ လုပ်ကိုင်ခွင့်ရှိပါတယ်။ သတိပြုရမယ့်အချက်က မိမိမှီခိုထားတဲ့ ဂျပန်အမျိုးသား ခင်ပွန်း(သို့)ဇနီး ဆုံးပါးသွားတယ်ဆိုရင်တော့ မှီခိုဗီဇာပျက်ပြယ်သွားပြီး ပြည်တော်ပြန်ရမှာပါ။

အားသာချက်တစ်ခုကတော့ (၁) ဂျပန်လူမျိုးနဲ့လက်ထပ်တယ်၊ ပထမဆုံး ၁ နှစ်သက်တမ်းရှိ Haigusha(配偶者ビザ) ရရှိတယ်။ နောက် တေးဂျူး(Long term Resident)定住者 လျှောက်တယ်၊ နောက်တဆင့် အေးဂျူး(permanent resident)永住民 အထိပါရရှိသွားသူဖြစ်ပါက လင်မယားကွဲသည်ဖြစ်စေ၊ ဇနီး(သို့)ခင်ပွန်း ကွယ်လွန်သည်ဖြစ်စေ အေးဂျူးဗီဇာနဲ့ပဲ ဂျပန်မှာနေခွင့်ရှိပါတယ်။

အေးဂျူးလျှောက်ခြင်းနှင့်ပတ်သက်ပြီး အလွယ်ဆုံးရှင်းပြရမယ်ဆိုရင် ကျောင်းသားတစ်ယောက်ဆိုပါစို့။

ကျောင်းပြီးလျင် မိမိကိုခန့်အပ်မယ့် ကုမ္ပဏီတစ်ခုခုမှာ 就職၀င်လုပ်ရပါမယ်။ နောက် တေးဂျူးဗီဇာ…။ ဆိုမှတဆင့် အေးဂျူးလျှောက်မယ်ဆိုရင် တေးဂျူးဗီဇာသက်တမ်း ၁၀ နှစ်ရှိရပါတယ်၊ထိုနည်းအတူ Work ဗီဇာသမား၊ မှီခိုသမားများလည်း တေးဂျူးဗီဇာသက်တမ်း ၁၀ နှစ်ရှိရပါတယ်။အေးဂျူးလျှောက်ခြင်းနှင့်ပတ်သက်ပြီး ကွန်းဗင်းရှင်းဒုက္ခသည်ဗီဇာ(R ဗီဇာ)တိုက်ရိုက်ရထားသူများ အားသာချက်ကတော့ တေးဂျူးဗီဇာ တန်းရပါတယ်။ (၂၀၀၇ ခုနှစ်အထိက ၁ နှစ် ၁ နှစ် ၃ နှစ်ဖြစ်ပေမယ့် ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစပြီး ၃ နှစ်ဗီဇာ တန်းထုတ်ပေးပါတယ်) ထို့သူများ အေးဂျူးလျောက်မယ်ဆိုရင်တော့ တေးဂျူးဗီဇာသက်တမ်း ၅ နှစ်ရှိရင် လျှောက်ခွင့်ရှိပါတယ်၊(ပြစ်မှုကင်းရှင်းတယ်၊ အခွန်ကြေတယ်၊ နောက် ဂျပန်လူမှုပတ်ဝန်းကျင်အတွက်လည်း အကျိုးပြုမယ့်လူဆိုရင် ၆ လအတွင်း အေးဂျူးအဖြစ် အသိအမှတ်ပြုပါတယ်)။ဂျပန်လူမျိုးနှင့်ဖြစ်စေ၊ အေးဂျူး၊ တေးဂျူးအစရှိသူတို့နှင့် လက်ထပ်ထားသူများအနေဖြင့် သတိထားရမယ့်အချက်က လင်မယားအဖြစ် ၆ လကျော် အတူမနေကြောင်း လ၀ကသို့ အိမ်ထောင်ဖက်မှ သတင်းပို့လို့ဖြစ်စေ၊ သို့တည်းမဟုတ် လ၀ကမှ စုံစမ်းစစ်ဆေးတွေ့ရှိလို့ဖြစ်စေ သိရှိသွားပါက ဗီဇာရုပ်သိမ်းခံမှာဖြစ်ပါတယ်။ အဲဒီလို ဗီဇာရုပ်သိမ်းခံလိုက်ရတဲ့အတွက် မြို့နယ်ရုံးကလည်း Jūminhyō (住民票)ရုပ်သိမ်းမှာဖြစ်ပြီး ပြည်တော်ပြန်ရမှာဖြစ်ပါတယ်။

ခြွင်းချက်အနေနဲ့ – သင်ဟာ လင်မယားကွာရှင်းပေမယ့် ပိုင်ဆိုင်မှုကြောင့်ဖြစ်စေ၊ မိသားစုကိစ္စကြောင့်ဖြစ်စေ အမှုရင်ဆိုင်နေရပါက ၎င်းအမှုမပြီးပြတ်မခြင်း လက်ရှိဗီဇာကို ဆက်လက်ကိုင်ဆောင်ခွင့်ရရှိနေဦးမှာဖြစ်ပါတယ်။

သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ထောက်ပံ့ကြေးရယူထားများကတော့ အစကတည်းက လုံးဝ(လုံးဝ) အလုပ်လုပ်ခွင့်မရှိပါ။ ၇-၉ ဥပဒေသစ်မပြဌာန်းမှီကာလအထိက ဗဟိုအစိုးရ(လ၀က)မသိအောင် ခိုးကြောင်ခိုးဝှက် လုပ်နေကြသ်ာလည်း ဥပဒေသစ်အရ ခိုးလုပ်ရင် ဘူးပေါ်သလိုပေါ်မှာပါ။ ဘာကြောင့်လဲဆိုတော့ Jūminhyō (住民票) ကြောင့်ပါ။

ဒီဥပဒေအသစ်ဟာ ဂျပန်ရောက်မြန်မာများအတွက်တော့ ဆူနာမီထက်ပိုကြောက်ဖို့ကောင်းနေပါတယ်။



credit to.မိုးသောက်ကြယ်ဂျာနယ်

15 June, 2012

မြန်မာ့နိုဗယ်ဆုရှင်




မြန်မာအဝတ်အစားပဲ ဝတ်တယ်
အင်္ဂလိပ်လို ကျွမ်းကျင်စွာပြောတတ်တယ်
(မှတ်ချက်။   ။စာရွက်ကြည့်ပြောခြင်း၊ သူများရေးပေးထားတာတွေပြောခြင်းမရှိပါ)

မြန်မာတစ်နိုင်ငံလုံးကို ကိုယ်စားပြုတယ်
မြန်မာနိုင်ငံသူ၊နိုင်ငံသားအားလုံးအတွက် ဂုဏ်တက်စေတယ်





10 June, 2012

“ကိုယ့်နိုင်ငံမဟုတ်ဘဲ သူတို့လူမျိုးတွေ ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ”






အစိမ်းရောင် လွင်ပြင် 

ဓာတ်ပုံကတော့ ရခိုင်ပြည်နယ်ထဲက ဘင်္ဂလီရွာတစ်ရွာရဲ့ ပုံပါ။
ရခိုင်ပြည်နယ်ကို ခရီးထွက်ခဲ့တုန်းက နေရာအနှံ့မှာ ဘင်္ဂလီတွေရဲ့ ရွာတွေ ၊ ဘင်္ဂလီ လူမျိုးတွေကို တွေ့ခဲ့ရတော့
“ကိုယ့်နိုင်ငံမဟုတ်ဘဲ သူတို့လူမျိုးတွေ ဘာဖြစ်လို့ ဒီလောက်တောင် များနေရတာလဲ.” လို့ ရခိုင် တိုင်းရင်းသားတွေကို မေးမိတယ်။
ရခိုင် တိုင်းရင်းသားတွေက“ဟိုးအရင်ကတည်းက “လဝက” တွေကလည်း သူတို့ကို သူတို့ရဲ့နိုင်ငံကို ပြန်ပို့ပါတယ်တဲ့..
ဒါပေမဲ့ ဘယ်လောက်မှ မကြာဘူး ပြန်ပြန်ရောက်လာတယ်. ကျွန်တော်တို့ ဟိုဘက်မှာ မနေချင်ပါဘူး.. ဒီနိုင်ငံမှာဘဲ နေပါရစေ..
ဒီနိုင်ငံမှာဘဲ လုပ်ကိုင်စားတတ်ပါတယ် တဲ့၊ ကျွန်တော်တို့ကို သတ်ချင်လည်း သတ်ပါတော့ ၊ ကျွန်တော်တို့ ဟိုဘက်ကိုမပြန်ပါရစေနဲ့ ” လို့ သူတို့က တောင်းပန်ပြီး လုပ်ကိုင်ရှာဖွေ စားသောက်ဖို့ အခွင့်အရေး အများကြီးရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာဘဲ ကုတ်ကပ်ပြီး ဆက် နေခဲ့ကြတယ်လို့ ” ကျွန်မကို ပြန်ရှင်းပြပါတယ်။ ကျွန်မတို့ တိုင်းရင်းသား လူမျိုးတွေရဲ့ အားနည်းချက်ကလည်း တစ်ဖက်သားကို သနားတတ်၊ အားနာတတ်တဲ့ စိတ်က ရှိတော့အဲဒီလိုနဲ့ဘဲ ရခိုင်ပြည်နယ်ထဲမှာ ဘင်္ဂလီတွေ အလွန်များပြား အင်အား ကောင်းနေခဲ့ပုံ ရပါတယ်။
လဝကရဲ့ အကျင့်ပျက် ခြစားမှုနဲ့ အားနည်းချက်တွေကြောင့်လည်း အများကြီးပါမှာပါဘဲ။
ရခိုင်ပြည်နယ်သူ ပြည်နယ်သားတိုင်း ၊ ရခိုင်ပြည်နယ်ကို ရောက်ဖူး သူတိုင်း ဘင်္ဂလီကျေးရွာတွေ ၊ ဘင်္ဂလီလူမျိုးတွေ
ဘယ်လောက်တောင် များတယ် ဆိုတာ သိကြပါတယ်။ ကိုယ်တိုင်ရောက်ခဲ့မှလည်း သူတို့တွေဟာ ကိုယ့်နိုင်ငံအတွင်းမှာ
ဘယ်လောက်တောင် စိမ့်ဝင်နေတယ်ဆိုတာ သတိထားမိရပါတယ်။ ဒီတော့ ခုလို ပြဿာနာမျိုးတွေ ဖြစ်လာချိန်မှာတော့
တိုင်းရင်းသား ပြည်သူတွေရဲ့ အားနာသနားတတ်မှု၊ လဝကရဲ့ အားနည်းမှုတွေကြောင့် ကိုယ့်တိုင်းပြည်၊ ကိုယ့်တိုင်းရင်းသားတွေမှာ
ထိခိုက်နစ်နာမှုတွေ ဖြစ်လာရပါပြီ။ တကယ်တမ်းမှာ ကိုယ်တွေက သူတို့နေရာဒေသကို ကျူးကျော်ဝင်ရောက် နေထိုင်သူတွေ
မဟုတ်ပါဘဲ ကျူးကျော်သူတွေက ပြန်ရန်ရှာပြီး အိမ်ရှင်က သူခိုးပြန်ဖြစ်ရတဲ့အချက်က ရင်နာဖို့ ကောင်းလှပါတယ်။
ဒီတိုင်းပြည်မှာနေပြီး ဒီတိုင်းပြည်ရဲ့ ဥပဒေ၊ ဒီတိုင်းပြည်ရဲ့ တိုင်းရင်းသားတွေနဲ့ တစ်သားတည်း မကျတဲ့သူတွေကို
 နိုင်ငံသားလို ခေါ်ဆိုဖို့ လားလားမှ အဆင့်မရှိပါ။ နိုင်ငံသားလို့လည်း သတ်မှတ်ဖို့ မဖြစ်နိုင်ပါ။ “သူတို့ကို သတ်ချင်သတ်ပါ ၊ ဒီမှာဘဲ နေပါရစေ” လို့
 တောင်းပန်တိုးလျှိုးပြီး နေခဲ့ကြသူတွေက ခုချိန်မှာ ကိုယ့်တိုင်းရင်းသားတွေကို ပြန်သတ်နေတာမျိုး လုံးဝ လက်ခံနိုင်စရာမရှိပါ။
ဒီပြဿာနာတွေ အေးဆေး သွားရင်တော့ အစိုးရက လဝကဥပဒေကို တင်းတင်းကြပ်ကြပ် ပြင်ဆင်ဖို့ လိုအပ်ပြီလို့ ထင်ပါတယ်။
အကျင့်ပျက် ခြစားမှုတွေကိုလည်း တင်းတင်းကြပ်ကြပ် ကိုင်တွယ်သင့်ပါပြီ။

(နိုင်ငံအတွင်းမှာ နိုင်ငံသားပီသစွာ နေထိုင်သူများကို မရည်ရွယ်ပါ။ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်သော်လည်း နိုင်ငံသား မပီသသူ၊ နိုင်ငံသား များနဲ့ အေးအတူပူအမျှ မနေနိုင်ကြသူ များကိုသာ ရည်ရွယ်ပါသည်။)

01 June, 2012

"လ္ဘက်ရည်မတိုက်လို့"



ဒီတစ်ခါလည်း ဦးအေးဝင်းပါပဲ။လ္ဘက်ရည်သိပ်ကြိုက်သူ ဦးအေးဝင်းသည် အနည်းဆုံး တစ်နေ့ကို လ္ဘက်ရည် ၃ ကြိမ်လောက်
ပုံမှန်သောက်သည်။အိမ်မှာဖျော်သောက်၍ငြီးငွေ့လာလျင်လ္ဘက်ရည်ဆိုင်မှာသွားသောက်သည်။ ဆိုင်ခန်းရောင်းပြီးကတည်းက
ဘုရားတရားပုံမှန်လုပ်ရင်း အေးအေးလူလူပင်။

ဒီနေ့လည်း လ္ဘက်ရည်ဆိုင်သွားဦးမည်ဟုဆိုကာ နေ့လည်စာစားပြီးကတည်းက စက်ဘီးတစ်စီးနှင့်ထွက်သွားပြန်သည်။
သူ့မိန်းမကတော့ ရိုးနေပြီမို့ ဘာမှထွေထွေထူးထူးပြောမနေတော့။ ညနေစောင်းတော့ ဦးအေးဝင်းပြန်ရောက်လာသည်။
စက်ဘီးနှင့်မဟုတ်၊ ဆိုက်ကားဖြင့်...
ဆိုက်ကားပေါ်ကနေ ထော့နင်းထော့နင်းဖြင့်ဆင်းလာသည်။
စက်ဘီးကိုသူ့မိတ်ဆွေတစ်ယောက်က အိမ်ရှေ့အထိလာပို့သွားပြီး

"ကိုအေးဝင်း ရတယ်နော် ဘယ်လိုနေသေးလဲ"

"အာ ရတယ် ရတယ် အေးဆေးပါ ဖြစ်ခါစဆိုတော့ နာနေတာပဲရှိတာပါ"

ဒေါ်ခင်သန်းလည်း အိမ်ထဲမှကပျာကယာပြေးထွက်၍ ဦးအေးဝင်းကိုတွဲလျက်

"ဘာဖြစ်တာတုန်း ကိုဝင်းရယ် ပြောစမ်းပါဦး"

"ငါ ငယ်ငယ်လေးထဲကစီးလာတဲ့စက်ဘီး အတက်အဆင်းဆိုဘယ်တော့မှလဲဖူးတာမဟုတ်ဘူး၊ တိုက်မိလို့လဲတယ်
စတန့်ထွင်စီးလို့လဲတယ်ဆိုလဲထားပါတော့မိန်းမရယ်၊ အခုဟာက စက်ဘီးခြေနင်းပြားကိုခြေတစ်ဖက်တင်ပြီး နင်းအတက်၊
 စက်ဘီးကရှေ့မသွားဘဲလူရော၊ စက်ဘီးရောဘေးကိုပစ်လဲတော့တာပဲ"

"အခုဟာက ဘယ်နာသွားတုန်း"

"ညာဘက်ခြေထောက်၊ ကတ္တရာလမ်းပေါ်ထောက်မိတဲ့ဘက်လေ၊ဆေးလိမ်းလိုက်ရင်ပျောက်သွားမှာပါကွာ"

"ဒါဆိုလဲ ဆေးအရင်လိမ်းလိုက်ရအောင်၊ ကျွန်မလိမ်းပေးမယ်"

"ရတယ် ရတယ် ငါ့ဟာငါလိမ်းမယ် ဆေးနဲ့ပတ်တီးသာယူခဲ့"

ဖြစ်ခါစမိုလို့လားမသိ၊ညာဘက်ခြေထောက်ကကွေးလို့မရ။ ဦးအေးဝင်းတစ်ယောက် ဘုရားရှိခိုးတာတောင်မတ်တပ်
ရှိခိုးရသည်။ ဒါကလည်းတစ်ရက်နှစ်ရက်လောက်ပါပဲလေ ဟုသဘောပိုက်ကာပုတီးကိုလည်းလဲလျောင်းလျက်ပင်စိတ်
လိုက်သည်။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
သုံးရက်မြောက်သည်အထိ မသက်သာ။
မသက်သာတော့ အပြင်လည်းထွက်လို့မရ။ ဒူးခေါင်းကရောင်ရမ်း၍ အနီရောင်ဖျော့ဖျော့သန်းနေသည်။

"ကိုဝင်း ရှင့်ဟာကဟုတ်ရောဟုတ်သေးရဲ့လား၊ ကျွန်မတော့သိပ်မသင်္ကာဘူး နေ့ရောညရော
 ဆေးပုံမှန်လိမ်းနေတာတောင်မှ ရောင်တာမလျော့ဘူးနော်၊ ဒေါ်မြဝေဆီသွားကြည့်ပါလား"

"ဒေါ်မြဝေကဆေးကုတဲ့ဆရာဝန်မှမဟုတ်တာ မိန်းမရဲ့"

"အဲဒါဆိုလဲ ညနေကျရင်ဆေးခန်းသွားပေတော့"

"အေးကွာ"

ဆေးခန်းသွားပြတော့လည်း ဆရာဝန်က စစ်ဆေးကြည့်ပြီးသောက်ဆေးသာပေးလိုက်၍ နှစ်ရက်လောက်နေလို့
ဘာမှမထူးရင်ပြန်လာခဲ့ပါဟုမှာလိုက်သည်။

နှစ်ရက်ပြည့်သည်အထိ မသက်သာသေးပါ။ ဒေါ်ခင်သန်းက

" ကဲပါကိုဝင်းရယ် ဒေါ်မြဝေဆီမှာသွားမေးကြည့်ရအောင် တစ်ခုခုသိရတာပေါ့"

"အေး သွားကြည့်မယ်ကွာ"

"ဘယ်လိုဖြစ်တာလဲ ကိုအေးဝင်းခြေထောက်တစ်ဖက်က တန်းနေပါလား"

အိမ်ထဲအဝင်မှာ ဒေါ်မြဝေကမေးလိုက်သည်။

"စက်ဘီးပေါ်အတက်မှာ လူရော၊စက်ဘီးရောလဲလို့ဒေါ်မြဝေရေ ငါးရက်လောက်ရှိနေပြီ၊
 သောက်ဆေးရော လိမ်းဆေးရော ဘာမှမတိုးဘူး ဆရာဝန်နဲ့လည်းပြပြီးပြီ"

ဦးအေးဝင်းမဖြေခင်မှာပင် ဒေါ်ခင်သန်းက အရင်ဖြေလိုက်သည်။

သူ့တပည့်လည်းဘေးမှာအသင့်ရှိနေ၍

"ဒါဆိုလည်းကြည့်ရအောင်" ဟုဆိုကာ မျက်စိမှိတ်၊ အာရုံပြုလိုက်သည်။

"အင်း တစ်ခုခုပါပဲ"

ဟုဆိုပြီး သူ့တပည့်ဘက်ကိုလှည့်၍

"ပြောပါဦး ဘာဖြစ်လို့လဲ" ဟုမေးလိုက်ရာ

သူ့တပည့်က အမျိုးသမီးကြီးတစ်ဦး၏ဟန်ပန်အမူအရာဖြင့်

"ငါ လ္ဘက်ရည်တောင်းသောက်တာ ငါ့ကိုမတိုက်လို့ဟေ့" ဟူသောဖြေသံထွက်လာလေသည်

ဦးအေးဝင်းရောဒေါ်ခင်သန်းပါ ကြောင်အမ်းအမ်းဖြစ်သွားသည်။

ဦးအေးဝင်းက မေးမည်ဟန်ပြင်သည့်အခါ ဒေါ်မြဝေက လက်ကာပြ၍

"ဘယ်သူလဲဆိုတာအရင်ပြောပါဦး"

"ငါ ဌေးဌေးပဲ"

"ဘယ်ကလဲ"

"စတိုးဆိုင်က"

"သြော် ဌေးဌေးစတိုးဆိုင်ကလား"

"အေး"

ဦးအေးဝင်းလည်း မနေနိုင်၍ ဝင်မေးလေသည်။

"ဒါဆို ဟိုတလောက လေဖြတ်ပြီးဆုံးသွားတဲ့ ဒေါ်ဌေးပေါ့"

"အေး ဟုတ်တယ်၊ ငါတို့ဆိုင်ရှေ့ကလ္ဘက်ရည်ဆိုင်မှာ နင်လာသောက်တော့လ္ဘက်ရည်သောက်ချင်လို့
နင့်ဆီမှာတောင်းသောက်တာ နင်ကမှငါ့ကိုမတိုက်တာ"

ဦးအေးဝင်းတစ်ယောက် ဘယ်လိုမှနားမလည်နိုင်။

"ခင်ဗျားကို ကျွန်တော်ကမြင်မှမမြင်ရတာဗျ"

ဒေါ်အေးဝင်းလည်း မနေသာတော့

"ဟုတ်တယ်လေ ဒေါ်ဌေးရဲ့ သူမှမမြင်ရတာ"

ဘာမှပြန်မဖြေ။

ဦးအေးဝင်းက "အခု သောက်မလား" ဟုမေးရာ

"အေး သောက်ချင်တယ်" ဟု ချက်ချင်းပြန်ဖြေသည်။

ဒေါ်မြဝေလည်းကြားဝင်၍

"ကဲ ဒေါ်ဌေး ဒီလိုလုပ်ပါ ဒေါ်ဌေးကိုလ္ဘက်ရည်တိုက်မယ်၊ ကိုအေးဝင်းကိုဒေါ်ဌေးလုပ်ထားတဲ့အတွက်
 ဝေဒနာပျောက်အောင်ပြန်လုပ်ပေးလိုက်ပါ၊ သဘောတူလား"

"အင်း" ဟုပြန်ဖြေသည်။

လ္ဘက်ရည်ကိုချက်ချင်းသွားဝယ်ခိုင်း၍တိုက်လိုက်သည်။ လ္ဘက်ရည်ကုန်အောင်သောက်ပြီးသည်အထိစောင့်ပြီးနောက်
ဒေါ်မြဝေက

"ဒေါ်ဌေး ဦးအေးဝင်းကလ္ဘရည်တိုက်ပြီးပြီ ပျောက်အောင်လုပ်ပေးလိုက်ပါ၊
ဦးအေးဝင်း ဘေးကခုံပေါ်ကို နာနေတဲ့ခြေထောက်ဆင်းပေးလိုက်ပါ"

ဒေါ်မြဝေ၏တပည့်လည်း ဦးအေးဝင်းဘက်သို့သွား၍ ဘေးနားမှာ ငူငူကြီးရပ်နေသည်။
ဒေါမြဝေက

"ဒေါ်ဌေးလုပ်ထားတာတွေကိုယ်တိုင်ပြန်ထုတ်ပေးလိုက်ပါ၊ ဒူးဆစ်ကနေသပ်ချပေးလိုက်၊
ဦးအေးဝင်း ဘာထူးခြားလဲပြောပါ"

"ဟုတ်ကဲ့"

အနည်းငယ်ကြာသောအခါ ဦးအေးဝင်းက "ဒူးခေါင်းမှာ အေးကနဲ ခံစားရတယ် ပေါ့သွားတယ်"

ဒေါ်ဌေး ရပ်လိုက်သည်။

"ဒေါ်ဌေး မရပ်လိုက်နဲ့လေပြီးအောင်လုပ်လိုက်ပါ၊
ဦးအေးဝင်း ခြေဖျားမှာအေးကနဲဖြစ်သွားပြီဆိုရင် ကျွန်မကိုပြောပါ"

"ဟုတ်ကဲ့"

ဒေါ်ဌေးက ခြေသလုံးအလယ်လောက်ကနေ ခြေဖျားအထိ သပ်ချပေးနေသည်။
အကြိမ် ၂၀ ကျော်လောက်သပ်ချပေးပြီးနောက်

"ခြေဖျားကအေးသွားတယ်"

ဦးအေးဝင်းထံမှအသံထွက်လာသည်။ ဒေါ်မြဝေက

"ဒေါ်ဌေး ပြန်လာထိုင်လို့ရပြီ၊
ဦးအေးဝင်း အရှိန်ကတော့နည်းနည်းကျန်ဦးမှာပဲ၊ လိမ်းဆေးကိုဆက်လိမ်းပေါ့" ဟုဆိုလိုက်လေသည်။

ဦးအေးဝင်းလည်း အတော်အတန်ပေါ့ပါးသွားပြီဖြစ်၍ စိတ်အေးသွားသည်။

"ဒေါ်ဌေး နောက်တစ်ခါ လ္ဘက်ရည်သောက်ချင်ရင် ကျွန်တော်သောက်နေတဲ့လ္ဘက်ရည်ခွက်ကို နည်းနည်းတွန်းပြီး
လှုပ်လိုက်ဗျာ၊ အဲဒါဆိုကျွန်တော်သဘောပေါက်တယ် ဟုတ်ပြီလား"

"အေး" ဟုတစ်ခွန်းထဲပြောပြီးထွက်သွားလေသည်။

"ဒေါမြဝေရယ် ကျွန်မတို့မှာလည်း ဖြစ်လိုက်ရင်အဆန်းချည်းပဲ သူများနဲ့ကိုမတူဘူး"

"ဒါကတော့ အကြောင်းပါလာရင်ရှောင်လို့မရဘူးလေ ဒေါ်ခင်သန်းရဲ့"

"ကျွန်တော်လည်း အရင်ကထက် ဘုရားတရားပိုလုပ်ဖြစ်ပါတယ် ဒါပေမယ့် အခုလိုဖြစ်သွားတာကိုနားမလည်နိုင်ဘူးဗျာ"

"ကျွတ်ရမယ့်လူကကျွတ်ချိန်တန်ရင်လာအသိပေးတာမျိုး၊ အကူအညီလာတောင်းတာမျိုးလို့ပဲ မှတ်ယူရပါတယ်
ဦးအေးဝင်းရယ်၊ ဦးအေးဝင်းတို့ထက် အဖြစ်ဆိုးတဲ့သူတွေရှိပါသေးတယ် နောက်မှ အေးအေးဆေးဆေးပြောပြပါဦးမယ်။"

30 May, 2012

ဒီပဲယင်း သမိုင်းမှန် ပေါ်ချင်သူ နှင့် ဒီပဲယင်းအရေးအခင်း တရားခံများ...

     မြန်မာတွေက အချင်းချင်းဆို သိပ်ဆော်ကြတာ ဘယ်သူဘယ်ဝါဆိုတာမစဉ်းစားကြဘူး မြန်မာကို နှိပ်စက်တာ မြန်မာပဲ

     ဒေါ်အောင်ဆန်းစုကြည်ကို ချစ်လား? သိပ်ချစ်တာပေါ့

     ဒီပဲယင်း အရေးအခင်းမှာ လုပ်ကြံခံခဲ့ရရင်.....? ဘာလုပ်မယ်စိတ်ကူးကြပါသလဲ?

     ........................................................?

     စစ်အစိုးရကရော ဘာလုပ်ပြမယ်ထင်သလဲ?

     ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသလိုမျိုး ဂဠုန်ဦးစောလို လူသတ်တရားခံတစ်ယောက်ကို ပွဲထုတ်မှာပေါ့

     သေနတ်ကိုကြောက်နေရတဲ့အချိန်ဆိုတော့ ပြည်သူတွေက လူသတ်တရားခံကို ယိုးမယ်ဖွဲ့ကြပေါ့
   
     စိတ်ထားဖြူတဲ့သူဆိုတော့ လူတွေကသာ နေချင်နေမယ် နတ်ကောင်းနတ်မြတ်တွေက မနေဘူး

Credit to မဇ္ဈိမ

(ဒီပဲယင်း ၉ နှစ်ပြည့် အထူးအင်တာဗျူး)

ရန်ကုန် (မဇ္ဈိမ) ။ ။ ၂ဝ၁၂ ခုနှစ်၊ မေလ ၃ဝ ရက်နေ့သည် ဒီပဲယင်း အရေးအခင်း ၉ နှစ် ပြည့်မြောက်သည့်နေ့
ဖြစ်သည်။ ၂ဝဝ၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်အတွင်း ဒီပဲယင်းမြို့နယ် ကျီရွာတွင် တိုက်ခိုက် ခံခဲ့ရသည့် ယင်းဖြစ်ရပ် တွင် မည်သူက အကွက်ချစီမံ၍ မည်သူ ဦးဆောင်ခဲ့သည်၊ မည်သူများ ပါဝင်ခဲ့သည် ဆိုသည် ကို ယနေ့တိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ဖြစ်ရပ်မှန်သမျှ သမိုင်းချည်းပင် ဖြစ်သည်။ သမိုင်းသည် အကောင်းဆုံး ဥပမာ ဖြစ်သည်။ သမိုင်းမှ သာဓကယူ ဆန်းစစ်ရသည်။ ခေတ်အဆက်ဆက် သမိုင်းစစ်ကို ရှာဖွေတူးဆွသူများ ရှိခဲ့သလို သမိုင်းကြောင်း၌ ကမ္ဗည်းတင် မခံဝံ့သူတို့က ဖြစ်ရပ်ဟောင်းကို ဖုံးဖိပြောင်းလဲရန် ကြိုးစားခဲ့ကြသည်။

ဒီပဲယင်း အရေးအခင်းကို သမိုင်းအဖြစ်မှန်အဖြစ် တရားဝင် ပေါ်ပေါက်စေလိုသူများအနက် ဒီပဲယင်းလုပ်ကြံမှု၏ အဓိကပစ်မှတ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အားထုတ်ခဲ့သူ တဦးဖြစ်သည့် ထိုစဉ်က
ဒေါ်အောင်ဆန်းစုကြည် စီးနှင်းသည့် ကားကို မောင်းနှင်ခဲ့သူ ကိုကျော်စိုးလင်းလည်း ပါဝင်နေသည်။

သမိုင်းကို အဖြစ်မှန်အတိုင်း ဖြစ်စေချင်သူ ကိုကျော်စိုးလင်း (၂ဝဝ၃ ခုနှစ် ဒီပဲယင်း အရေးအခင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကားကို မောင်းနှင်ခဲ့စဉ်က ကိုကျော်စိုးလင်းသည် ဒုတိယနှစ် ဥပဒေကျောင်းသား အရွယ်ဖြစ်သည်။)

ဒုတိယနှစ် ကျောင်းသားအရွယ်သာ ရှိခဲ့သော်လည်း လုပ်ကြံမှု ဖြစ်စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အနီးဆုံး
နေရာတွင် ရှိခဲ့ပြီး မျက်မြင်သက်သေလည်း ဖြစ်သည့် ကိုကျော်စိုးလင်းနှင့် ဒီပဲယင်း ကိုးနှစ်ပြည့်အဖြစ် မဇ္ဈိမသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒီပဲယင်းကိစ္စ ၉ နှစ်ပြည့်တော့မယ် ဒီအချိန်မှာ ဘယ်လိုခံစားရလဲ။
ပြန်ပြီးတော့ သတိရနေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စကြီးကတရားဝင် ဖော်ထုတ်နိုင်ခြင်းလည်း 
မရှိခဲ့ဘူး။ အဲ့တာကြောင့် လည်း ဒီ ဒီပဲယင်းကို အမြဲတမ်းပဲ သတိရနေစေဖို့ အတွက်ရယ်၊ နောက်ပြီးတော့
 ပြဿနာအရပ်ရပ်ကို ဘယ်သူက ဘယ်လို စလုပ်တယ် ဆိုတာကို ပြည်သူအားလုံးက သိစေချင်တဲ့ ဆန္ဒနဲ့ 
ဒီနှစ်ကို ကျီရွာမှာ သွားပြီး အလှူလုပ်ဖို့ စီစဉ်ထားပါတယ်။

အန်တီ့ကားကို မောင်းဖြစ်သွားပုံလေးက စပြီး ပြန်ပြောပြပါဦး။
ကျနော့်အဖေ ဦးကိုကြီး က မန္တလေးတိုင်း NLD တိုင်းဦးစီးမှူး(ဘဏ္ဍာရေး) လုပ်တော့ အဖွဲ့ချုပ်က ကိစ္စတွေဘာတွေ ရှိရင် ကျနော့်အိမ်က ကားတွေဘာတွေ သုံးလေ့ရှိတယ်။ ကျနော်ရယ်၊ ကျနော့်အကိုရယ်က အဲ့လိုကိစ္စတွေမှာ လိုက်ပို့တာရှိတော့ တိုင်းက လူကြီးတွေက ကျနော်တို့ ကား ကောင်းကောင်းမွန်မွန် မောင်းတတ်တာ သိနေတယ်။ အဲ့ဒီမှာ အန်တီ့ခရီးစဉ် ရောက်လာတယ်။ အဲ့ဒီတုန်းက ကျနော်က ဒုတိယနှစ်ပဲ ရှိသေးတယ်။ ဥပဒေ မေဂျာနဲ့။ အစကတော့ ကျနော်တို့က လူငယ်အနေနဲ့ လုံခြုံရေးပဲ လိုက်ရတာ။

အန်တီ့ခရီးစဉ် ဒုတိယတခေါက်အနေနဲ့ ရောက်လာတော့ ကား ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ် တဲ့ လူ လေးဦး လိုတယ်ဆိုလို့ ကျနော်တို့ ညီအကို နှစ်ယောက်ရယ်၊ စက်မှုထဲက ဦးကံရယ်၊ မောင်ကိုလေးရယ် ဆိုပြီး လေးယောက်
ပေးလိုက်တယ်။ ဒါပေမယ့် တကယ်တမ်း လိုက်ဖြစ်တာက ဦးကိုလေးနဲ့ ကျနော်နဲ့ နှစ်ယောက်ပဲ။

စမောင်းတော့ ဦးကိုလေး မောင်းတာ။ နောက် ကချင်ပြည်နယ် ခရီးစဉ်တခုလုံး ကျနော် ဆက်မောင်းတယ်။ ကချင်ပြည်နယ်  မိုးကုတ်၊ သပိတ်ကျင်းဘက်ကနေ မန္တလေးကို ဝင်တယ်။ မန္တလေးကနေ မုံရွာခရီးစဉ်ဘက် တွေလည်း ကျနော်ပဲ ဆက်မောင်းတာ နောက်ဆုံး ပြဿနာ ဖြစ်တဲ့နေ့အထိပဲ။

မေ ၃ဝ ရက်နေ့ အနေအထားတွေကို မှတ်မိသလောက် ပြန်ပြောပြပါဦး။
တောက်လျှောက် သူတို့ လိုက်နှောင့်ယှက်နေတဲ့ကိစ္စတွေကို သတင်းတွေ ရတယ်။ သိလည်း သိတယ်။ ဘာတွေလဲ ဆိုတော့ ကြံ့ခိုင်ရေးဝတ်စုံတွေနဲ့ လိုက်ပြီး နှောင့်ယှက်နေတယ်ဆိုတော့ ဆိုးဆိုးဝါးဝါးကြီး နှောင့်ယှက်လိမ့်မယ်တော့ မထင်ဘူး။ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ၊ နှောက်ယှက်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားတယ်။ နောက် ဘုတလင်နဲ့ မုံရွာက ခရီးစဉ်ကို လိုက်ပို့တဲ့ ကျောင်းသားလေးတွေ အပြန်မှာ အဖမ်းခံရတယ်ဆိုတဲ့ သတင်းလည်း ကြားတယ်။ ရှေ့ပြေး လွှတ်တဲ့သူကလည်း ပြန်မလာနိုင်ဘူး။ ပြန်မလာနိုင်ပေမယ့် သတင်းကတော့ အဆက်မပြတ် ကြားနေတာ။

အဲ့ဒီနေ့က လမ်းကြောင်းတခုလုံးမှာ အန်တီရှိနေတဲ့ နေရာအထိ သတင်းတွေ ရောက်လား။ သတင်းပို့မှု အစပ်အဆက် ရှိနေလား။

ရှိတယ်။ ဒါပေမယ့် နှောက်ယှက်မယ်လို့ပဲ ကြားနေတာ။ နောက်ပြီး ဘုန်းကြီးအတုတွေ၊ အတုတွေဆိုတာက သင်္ကန်း
တောင် မဝတ်ရသေးဘူး။ ကတုံးစိမ်းတွေနဲ့ ကားကြီးတွေနဲ့ ထွက်သွားတယ်။ သွားလိုက်လာလိုက် လုပ်နေတယ် ဆိုတဲ့ သတင်းလည်း ကြားရတယ်။  ဒါပေမယ့် အန်တီကတော့ အဖွဲ့တွေအားလုံးနဲ့ သွားမယ့် ခရီးစဉ် ဆက်ထွက်တယ်။

အဲ့ဒီအချိန်က သူတို့ဘက်က အနှောက်အယှက်ပေးရင် ညပိုင်းတွေများတယ်။ မိုးကုတ်၊ သပိတ်ကျင်း ဘက်မှာဆိုရင် လာကြည့်တဲ့ ပြည်သူတွေကို လေးဂွတွေ၊ ခဲတွေနဲ့ ထုတာ၊ မီးမောင်းတွေထိုးတာ၊ သံပုံးတွေရိုက်တာ မျိုးပေါ့နော်။
နေ့လည်ပိုင်းဆို သူတို့က သိပ်ပြီးတော့ မလုပ်ကြဘူး။ ဆန္ဒပြသလို သာမန် နှောင့်ယှက်တာလေးတွေလောက်ပဲ လုပ်တယ်။ အဲ့တော့ ကျနော်တို့က ညကို အရောက်မခံဘဲ မောင်းတာ များတယ်။ နောက်တချက်က အဲ့ဒီနေ့က ကျနော်တို့ဘက်က ခရီးစဉ် မိုင်တွက်တာလည်း မှားတယ်။ မိုင်အကွာအဝေးကို ၁၄ မိုင်လို့ ရေးထားတဲ့ နေရာမှာ ၁ ပြုတ်ပြီး ၄ မိုင်လို့ ဖြစ်နေတာလည်း နောက်ပိုင်းမှာ ကျနော်တို့ သွားတွေ့ရတယ်။

ကျီရွာကို ရောက်တဲ့အချိန်မှာ ဘုန်းကြီး နှစ်ပါးက “ဒကာမကြီး မနက်ကတည်းက ကျနော်တို့ စောင့်နေလို့ပါ။ ရပ်ပြီး
နှုတ်ဆက်စကားလေး ပြောပေးပါ”လို့ ပြောလာတယ်။ အချိန်က ငါးနာရီခွဲ ခြောက်နာရီလောက် ရှိပြီ။ မမှောင်သေး ဘူး။ မှောင်ရီပျိုးပြလေး။ ဘုန်းကြီးက တောင်းတောင်း ပန်ပန်နဲ့ ပြေးပြီးတော့ လိုက်ပြောတဲ့ အခါကြတော့ အန်တီက “ငါ့သားရယ် ရပ်ပေးလိုက်ပါဦး” ဆိုတော့ ကျနော်က ရပ်လိုက်တယ်။ အဲ့ဒီမှာ ဘုန်းကြီးနှစ်ပါးရယ် ရွာသားတွေကော အများကြီး စောင့်ပြီး ကြိုနေတယ်။ ဘုန်းကြီးအိုကြီး တယောက်လည်း ပါတယ်ပြောတယ်။

ရပ်လိုက်တဲ့ အချိန်မှာ နောက်က လိုက်လာတဲ့ ကားတန်းကလည်း တော်တော်များတယ်။ ကား အစီးရေတော့ မမှတ်မိဘူး။ ကားတန်းရပ်သွားတော့ နောက်က လိုက်လာတဲ့ ကားတွေထဲက ဘုန်းကြီးအတုတွေကော လူတွေကော တုတ်တွေနဲ့ ဆင်းလာပြီးတော့ ကြိုတဲ့သူတွေကိုကော၊ ကျနော်တို့နောက်က လိုက်လာတဲ့ ကားတွေပေါ်က လူတွေကိုကော တန်းရိုက်တော့တာပဲ။

PA က လုံခြုံရေးအတွက် ဆင်းပြီးတော့ ကြည့်တဲ့အချိန်မှာ နောက်မှာ စရိုက်နေပြီလို့ သိတော့ အန်တီ မဆင်းဖြစ်တော့ ဘူး။ မဆင်းဖြစ်တော့ဘဲ PA ပါ ပြန်တက်၊ ကားတံခါးတွေကို Lock ချ လိုက်တယ်။ ကျနော့်ရှေ့မှာက ကား သုံးလေးစီး
လောက်တော့ ရှိတယ်။ ဘဘဦးတင်ဦး ကားကလည်း ရှေ့မှာပဲ။ အနီးကပ် လုံခြုံရေးတွေကတော့ ကျနော့်ကားပေါ် မှာပေါ့။ မန္တလေး တိုင်းက လုံခြုံရေးအဖွဲ့တွေကတော့ ရှေ့မှာကော နောက်မှာကော ပါတယ်။

နောက်ကနေ ရိုက်လာတဲ့အချိန်မှာ လုံခြုံရေးအဖွဲ့တွေက “ကိုကျော်စိုးလင်း မောင်းမောင်း” ဆိုပြီး ပြောတယ်။
နောက်က အမျိုးသမီးတွေပါတဲ့ ကားတစီးက ကျော်တက်ပြီး ကျနော်တို့ ကားနား ရောက်လာတယ်။ ဆိုင်ကယ်တွေနဲ့ လိုက်လာတဲ့ ကျောင်းသားတွေကလဲ ပြန်ချမယ်၊ ပြန်ထုမယ် ဆိုတော့ အန်တီက တားခိုင်းလိုက်တယ်။ မလုပ်ပါနဲ့ သူတို့က ဘယ်လိုအကြံအစည်နဲ့မှန်း မသိဘူးဆိုပြီး အန်တီက တားတော့ သူတို့က မလုပ်ဖြစ်တော့ဘူး။

နောက်ကနေ ရိုက်လာရင်းနဲ့ ကျနော်တို့ ကားနားအထိ ရောက်လာတယ်။ ကျနော်တို့ ကားနား ရောက်လာတော့ ကိုတိုးလွင်တို့ တခြားလုံခြုံရေး အဖွဲ့ဝင်တွေက တားတယ်။ “ဒါ ဒေါ်အောင်ဆန်းစုကြည်ကားနော်။ မင်းတို့ သမိုင်းဝင် သွားမယ်နော်” ဆိုပြီး တားတယ်။ တားတော့ သူတို့ ရိုက်တာ တန့်သွားတယ်။ ကျနော်တို့ ကားနားကို အရင်ရောက် လာတဲ့ ရှေ့ဆုံးက ၄၊ ၅ယောက်က ဘုန်းကြီးဝတ်တွေ။ သင်္ကန်းတွေနဲ့ တုတ်တွေနဲ့။ ညာဘက်လက်တွေမှာ လက်ပတ် အဖြူတွေ ပတ်ထားတယ်။

အဲ့ဒီမှာ ဘဘဦးတင်ဦး ရောက်လာတယ်။ “မင်းတို့ကောင် တွေက ဘယ်ကလဲ။ ဘာလို့ရိုက်တာလဲ” ဆိုပြီး မေးနေတုန်း 
ဘဘဦးတင်ဦးကိုပါ သူတို့ ရိုက်ချလိုက်တယ်။ နောက် အန်တီ့ဘက်အခြမ်းက လုံခြုံရေးယူထားတဲ့ ကိုတိုးလွင်
ကိုလည်း သူတို့ ရိုက်ချလိုက်တာ ကိုတိုးလွင်က ပုံလျက်
သားလေး လဲသွားတယ်။ အဲ့နေရာမှာပဲ ပုံကျသွားတော့
သေပြီလို့ပဲ ထင်လိုက်တယ်။

ကျနော့်စိတ်ထဲမှာ အဲ့ဒီတုန်းက တော်တော် ဒေါသဖြစ် သွားသေးတယ်။ နောက်ကနေ ပြေးလာတဲ့ သူတွေက
ပြေး၊ လိုက်ရိုက်တဲ့သူတွေက လိုက်ရိုက်နဲ့ဆိုတော့လေ။
တချို့ဆို ကိုယ်တုံးလုံး ကျွတ်တွေနဲ့ ထွက်ပြေးလာတာကို လိုက်ရိုက်နေတာလည်း တွေ့တော့ ဒေါသဖြစ်ပြီး ပထမ တခုခု တုန့်ပြန်မယ် စဉ်းစားသေးတယ်။ ကျနော် ကားကို ဘက်ဆုတ်လိုက်တယ်။ ဘက်မဆုတ်ခင် လီဗာကို အကျယ်ကြီး နင်းလိုက်တယ်။ ကိုယ့်လူတွေလည်း ရှိတော့ရှောင်လို့ရအောင် အသံ ပေးလိုက်တာပေါ့။

အဲ့ဒီမှာ ကျနော့်ကားရဲ့ တိုက်ရော့နဲ့ ဘီးနဲ့ကြားမှာ သစ်သားချောင်း ဘယ်အချိန်က ထိုးခံထားလဲ မသိဘူး။ စတီရာရင်
ခေါက်လို့ မရအောင် ထိုးထည့်ထားတာ။ ကံကောင်းချင်တော့ ကျနော်က နောက်အရင် ဆုတ်လိုက်တော့ အဲ့ဒီဟာက ကျိုးထွက်သွားတယ်။ ဒိုင်းကနဲ ဘာနဲ့မှလည်း မထိဘဲ အသံထွက်လာတော့မှ တခုခု ကလန့်ထားတာ ကျိုးသွားတာ သိတာ။ နောက်ဆုတ်တဲ့အချိန်မှာ ကျနော့် ညာဘက်က မှန်ကော၊ ဘယ်ဘက်က မှန်ကော၊ နောက်မှန်တွေကော၊ ကားဘက်မှန်နဲ့ မီးသီးတွေကော သူတို့ အကုန်ရိုက်ခွဲကြတယ်။

အဲ့အချိန် ကားဘေးမှာ လုံခြုံရေးတွေ ရှိနေတယ်။ သူတို့က ပေပြီးတော့ အရိုက်ခံနေကြတာ။ ကျနော် ကားနောက် ဆုတ်ပြီ ဆိုတာနဲ့ သူတို့က ကားပေါ်ကို အတင်းဝိုင်းတက်ကြတယ်။ ရှေ့ကို ကြည့်တော့ ကိုယ့်လူတွေက မှောက်နေ တယ်။ ရိုက်တဲ့သူတွေက ရှောင်နေတာနဲ့ ဘယ်သူ့ကိုမှ မတိုက်တော့ပဲ ကျနော် ကျော်တက်ပြီးတော့ အတင်းမောင်း ထွက်ခဲ့တာ။ အဲ့ဒီနေရာမှာ ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်လောက် ကြာမယ်ထင်တယ်။

အန်တီကကော အဲ့ဒီအချိန်မှာ ဘယ်လိုရှိနေလဲ။ အန်တီက ကား မောင်းထွက်ဖို့တွေဘာတွေ ပြောလား။

အန်တီက ဒီမှာလည်း လူတွေ အရိုက်ခံနေရပြီ။ ပြည်သူတွေလည်း အရိုက်ခံနေရပြီ။ သူများတွေက “မောင်းမောင်း”လို့
ပြောနေကြတယ်။ အန်တီက ဘာမှ မပြောဘူး။ ကျနော့် အမြင်ပေါ့၊ ကျနော့်အတွေးက အန်တီက တကယ်လို့
မောင်းခိုင်းမယ်ဆိုရင် သူများတွေ အရိုက်ခံ နေရတာကို ပစ်ပြီးတော့ ပြေးရာရောက်မယ်။ အဲ့လိုလည်း အဖြစ်မခံချင် ဘူးလို့ ထင်တယ်။ ကျနော် မမောင်းဘဲနဲ့ နေမယ်ဆိုရင်လည်း ဘယ်သူမှ မောင်းလို့မရဘူးလေ။ အကုန်လုံး ပဋိပက္ခ
ဖြစ်သွားနိုင်တယ်။ အဲ့ဒီမှာ ကျနော်ကလည်း အဲ့တုန်းက လူငယ်စိတ်နဲ့ပေါ့နော် ဒေါသလဲ ဖြစ်တော့ ကျနော် ၁ သက်ဆို သူတို့ ၂ သက်ဆိုပြီး ဖြစ်ချင်ရာဖြစ် မောင်းထွက်လိုက်တာ။

နောက်ထပ် သတ်ကွင်းလို တနေရာ ကြုံရတယ် ဆိုတာက ဘယ်လိုမျိုးလဲ။

ဒုတိယနေရာကမှ တကယ့် သတ်ကွင်း။ ပထမနေရာနဲ့ နောက်တနေရာက တမိုင်လောက် ဝေးတယ်။ ကျနော် ထွက်လာတော့ ဘဘဦးတင်ဦးကားတို့၊ အမျိုးသမီးကားတို့ကို ကျော်ပြီး ထိပ်ဆုံးက မောင်းထွက်လာတာ ရှေ့ကိုပဲ အာရုံစိုက်ပြီး မောင်းနေတော့ သူတို့လည်း နောက်က ပါလာတယ်ပဲ ထင်တာ။ ငါးမိနစ်လောက် မောင်းရတယ်။ ရှေ့မှာ ကုန်ကားကြီး ၃ စီး တွေ့တယ်။ အဝေးကတည်းက မြင်တော့ လမ်းကို ဒီကားတွေ ကန့်လန့် ပိတ်လိုက်မှာလည်း စိုးတယ်။ သိပ်လည်း မသင်္ကာဘူးပေါ့ စပြီးလည်း ဖြစ်နေပြီဆိုတော့လေ။

အဲ့တာနဲ့ သူတို့ ထိပ်တည့်တည့်ရောက်ပြီဆိုမှ ညာဘက်ကို လှည်းလမ်းပေါ်ကို ချိုးချပြီး မောင်းမယ် လုပ်မှ ဒီဘက်အခြမ်းမှာ ကားအစီး ၂ဝ၊ ၃ဝ လောက်က မီးတွေဖွင့်ပီး ထိုးထားတာတွေ့ရတယ်။ လမ်းရဲ့ဘေးမှာ ကွင်းက အကျယ်ကြီး ဒိုင်နာလိုလို၊ ကုန်ကားလိုလို ကားတွေ၊ ကွင်းထဲမှာ စီရပ်ထားတာ။ မီးကြီးတွေ လမ်းဘက်ကို ထိုးထားတာ။ ကားသုံးစီးကို ကျော်တော့မှ မြင်ရတာ။ မီးတွေနဲ့ လူတွေလည်း များပါလားပေါ့။ လူတွေက စီရပ်နေတာ မန္တလေးလိုဆိုရင် တပြလောက်ကို ရှိတယ်။ လူအပြည့်ပဲ တုတ်တွေနဲ့ စောင့်နေတာ။ လမ်းဘေးတလျှောက်လုံး အပြည့်ပဲ။ ဟိုမှာက ရိုက်တာနှက်တာ ကိုယ့်ရှေ့မှာတင် ကြုံလာခဲ့ပြီဆိုတော့ ကျနော်က သိလိုက်တယ်။ အဲ့ဒီမှာ သတ်ကွင်းဆိုတာ သိလိုက်တယ်။ တုတ်တွေနဲ့ လူတွေက လမ်းရဲ့ ညာဘက်မှာ။ ကျနော် ဆင်းကျော်တဲ့ ညာဘက်မှာ
ပေါ့နော်။ လမ်းရဲ့ ဘယ်ဘက်မှာက ကြံ့ခိုင်ရေး ဝတ်စုံတွေနဲ့ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ အရင်နှောက်ယှက် သလို စောင့်နေကြတာ။

ကျနော်က ကားကို ခေါင်းတည်ပြီး လီဗာနည်းနည်း နင်းလိုက်တော့ တုတ်တွေနဲ့ လူတွေက ရှဲသွားတယ်။ ရှဲသွားပြီဆိုမှ ကျနော်က လမ်းပေါ်ကို ခေါင်းတင်လိုက်တယ်။ ကားနောက်မှာကော ဘေးပတ်လည်မှာ တွယ်လိုက်လာတဲ့ အခါကျ
တော့ ဆွဲချပြီး ရိုက်လိုက်မှာကို စိုးတယ်။ ကား လမ်းပေါ်  ရောက်သွားတော့ လက်လှမ်းမမီတော့မှ နောက်ကနေ ဝိုင်းထုကြတာ။ အဲ့မှာ ကျနော့်ခေါင်းကို တချက်မှန်တယ်။ ဘာနဲ့ ထုလိုက်လည်း မသိဘူး။ သွေးတွေ ဖြာသွားတယ်။ အန်တီက “ဘာဖြစ်သွားသေးလဲ” မေးတော့ ကျနော် သတိရှိသေးတယ် “ရတယ်”လို့ ပြောလိုက်ပါတယ်။ လမ်းရဲ့ အဆုံးမှာ သစ်သားနဲ့ သံဆူးကြိုးနဲ့ ဘယ်ရီဂိတ် ပိတ်ထားတယ်။ အဲ့တာကို ကျနော်က တိုက်ချိုးပြီး ဆက်မောင်းမယ် လုပ်တော့ ကားနှစ်စီးနဲ့ ဆက်ပိတ်ထားတာ တွေ့ရတယ်။ ကားနှစ်စီးရဲ့ ကြားမှာ လူသွားဖို့ လမ်းချန်ထားတာ ရှိတယ်။ အဲ့ဒီ လူသွားလမ်းက ကျနော့်ကားနဲ့ ကွက်တိဖြစ်နေတယ်။ အဲ့ဒီကနေ လွတ်သွားတာ။ လွတ်သွားတော့ အရှေ့မှာ ရဲ ၁ဝ ယောက်လောက် ရှိမယ်။ သေနတ်တွေနဲ့ ချိန်ထားတာ။ ကျနော်လည်း မထူးဘူးဆိုပြီး ဆက်မောင်းတော့ သူတို့က ဒိုင်ဗင်တွေဘာတွေ ထိုးပြီး ရှောင်တဲ့သူက ရှောင်တယ်။ ဘယ်သူ့ကိုမှတော့ ကျနော် မတိုက်ဖြစ်ပါဘူး။

နောက်တော့ကော ဘာတွေ ဆက်ဖြစ်သေးလဲ။

အဲ့ဒီက လွတ်လာတော့ အန်တီက ပြောတယ်။ ဒီပဲယင်းကိုဝင်မယ် ငါ့သား။ ဒီကိစ္စကို ဖြေရှင်းမယ်။ မဖြေရှင်းလို့ မရဘူးပေါ့ ပြောတယ်။ ကျနော့်ကို ပြောတာပေါ့။ ဖြစ်ချင်တော့ ကျနော်ကလည်း ဒီပဲယင်းကို မရောက်ဖူးတော့ ဒီပဲယင်းကို ကျော်သွားတယ်။ ဒီပဲယင်းက လမ်းဘေးလေး ချိုးဝင်လိုက်ရတာ။ ကျနော်က မြို့ရှောင်လမ်းပေါ့နော် အဲ့ဘက်က ထွက်သွားလိုက်တော့ ကျော်သွားတယ်။ ကျော်သွားပြီးတော့ လမ်းဘေး တောထဲမှာ ခဏဝင်ရပ်တယ်။ ကားပေါ်မှာ တုတ်တွေကော၊ ကားအောက်မှာ ကလန့်ထားတဲ့ တုတ်ကလဲ စဖြစ်တဲ့ နေရာကတည်းက ဒီးဒီး၊ ဒီးဒီး
မြည်ပြီးတော့ ပါလာတာလေ။ နောက်ပြီး ကျနော် တိုက်ဖြတ်လာတဲ့ သံဆူးကြိုးတွေလဲ ကားနဲ့ငြိပြီး ပါလာတယ်။

အဲ့ဒီမှာ တုတ်တွေဘာတွေ ဖြုတ်၊ သံဆူးကြိုးတွေ ဖြည်ပြီး တော့အန်တီက လူ ဘယ်နှစ်ယောက်ပါလဲ။ 
နာမည်တွေပြောဆိုပြီး တခါတည်း အန်တီက သူ့စိတ်နဲ့ပဲ မှတ်ထားလိုက်တယ်။ အန်တီအပါအဝင် 
ကျနော်တို့အားလုံး ၁၈ယောက် ပါတယ်။ အန်တီက ဘယ်သူမှ အန်တီနဲ့ မခွာနဲ့။ဘယ်မှ မသွားကြနဲ့ 
အန်တီ့ဘေးမှာပဲ နေလို့ မှာတယ်။ ကြောက်လန့် ပြီး ခွဲထွက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့မှာတယ်လို့ 
ထင်ပါတယ်။

အဲ့ဒီက ပြန်ထွက်တော့ ရေဦးမြို့အဝင် သံလမ်းနားမှာ မောင်းတံဂိတ်လေးတွေ့တော့ ကျနော်က ကားခဏရပ်တယ်။ ကားရပ်တော့ အဘိုးကြီး နှစ်ယောက်က ဒါဘယ်သူ့ကားလဲတဲ့ လာမေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကားပါလို့ ဆိုတော့ တိုင်းမှူးက အမိန့်ချထားတယ်တဲ့။ ဘယ်ကားမှ အဝင်မခံနဲ့လို့ ပြောထားတယ်တဲ့။ အဲ့တာကြောင့်မို့ပါဆိုတော့ ရပါတယ် ကျနော်တို့စောင့်မယ်လို့ ပြောလိုက်တယ်။

နောက် နာရီဝက်လောက် ကြာတော့ ကျနော်တို့ရှေ့က ရထားသံလမ်း တံခါးကြီးကို ပိတ်လိုက်တယ်။ သံလမ်းပိတ်ပြီး သံလမ်းရဲ့ ဟိုဘက်မှာ ဘယ်ရီဂိတ်တွေ ချလိုက်တယ်။ ရေဦးဘက်က စစ်သားတွေ ထွက်လာပြီး ကျနော်တို့ကို ဝိုင်းလိုက်တယ်။ ဝိုင်းတာတော့ တော်တော်ဝေးဝေးက ဝိုင်းတာပါ။ သေနတ်တွေနဲ့ပဲ။ ဝိုင်းပြီးတော့ ဒီအတိုင်းပဲ ကြည့်နေကြတော့ ကျနော်တို့လဲ အေးအေးဆေးဆေးပဲ နေလိုက်တယ်။

အဲ့ဒီလို ဝိုင်းပြီး နာရီဝက်လောက် ထပ်ကြာတော့မှ စစ်တပ်ယူနီဖောင်းနဲ့ အရာရှိကြီးတယောက် ရောက်လာတယ်။ အသက်က ၅ဝ လောက်ရှိမယ်။ သူက ကျနော့်ကို နားထင်ကို သေနတ်နဲ့ ချိန်တယ်။ ချိန်ပြီးတော့ “မင်းလိုက်မလား မလိုက်ဘူးလား” ဆိုပြီး မေးတယ်။ အန်တီ့ကို ကြည့်တော့ အန်တီက ခေါင်းညှိမ့်ပြတော့ “လိုက်မယ်”လို့ ပြောလိုက် တယ်။ “အဲ့တာဆို နောက်က လူတွေ တက်”ဆိုပြီး သေနတ်တွေနဲ့ ချိန်ပြီး တက်ခိုင်းတယ်။ နောက်က လူတွေပါ တက်တော့မှ သံလမ်းတံခါးနဲ့ ဘယ်ရီဂိတ်တွေပါ ဖယ်။ ရှေ့က ရဲကားနဲ့ သူတို့က အနောက်က လိုက်လာကြတယ်။
ဘေးက မော်တော်ပီကယ်တွေ ဘာတွေနဲ့ပါ ခေါ်ပြီးတော့ ရေဦး ရဲစခန်းထဲ ရောက်သွားတယ်။

ရေဦး ရဲစခန်းရောက်ပြီး ဘာဆက်ဖြစ်ကြလဲ။

ရေဦး ရဲစခန်းရောက်တော့ အန်တီက ပြောတယ်။ “ရှင်တို့ သတ်ချင်ရင် ကျမတို့ကို ဒီနေရာမှာ သတ်ချင် သတ်ပစ် လိုက်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ကျမတို့ကတော့ ဒီကိစ္စကို ဖြေရှင်းရမှာပဲ”လို့ ပြောတယ်။ အဲ့ဒီမှာ သူတို့က အန်တီ့ကို အဲ့လိုတော့ မဟုတ်ပါဘူး။ ဖြေရှင်းဖို့ ကျနော်တို့နဲ့ လိုက်ခဲ့ပေးပါဦး လို့ ပြောတယ်။ အဲ့မှာ အန်တီက “မလိုက်နိုင်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်းမှ သာလျှင် လိုက်မယ်”လို့ ပြောလိုက်တယ်။ နောက် ၁ဝ မိနစ်လောက် နေတော့ ဥပဒေ
ကြောင်းအရ ဖြေရှင်းပေးပါ့မယ်လို့ သူတို့က ပြောတယ်။ အဲ့ဒီမှာ အန်တီနဲ့ ကိုထွန်းဇော်ဇော်ရယ်၊ ကိုထွန်းမြင့်ရယ် လိုက်သွားတယ်။ ကိုထွန်းဇော်ဇော်နဲ့ ကိုထွန်းမြင့်ကို အန်တီက သက်သေအနေနဲ့ ခေါ်သွားလိုက်တာ။ ကျနော်ကတော့ ကားနဲ့ ကားမှာပါတဲ့ သက်သေခံပစ္စည်းတွေကို စောင့်ကြည့်တဲ့ အနေနဲ့ ကျန်ခဲ့တယ်။ ကျန်တဲ့သူတွေ အားလုံးကိုတော့ သူတို့က အချုပ်ထဲ ထည့်လိုက်တယ်။

ရဲစခန်းကို သက်သေဆိုပြီး လိုက်လာတဲ့သူတွေ ၄၊ ၅၊ ၆ ယောက်ရှိတယ်။ အဲ့ဒီလူတွေမှာလည်း စရိုက်တုန်းက လူတွေ ပတ်ထားတဲ့ လက်ပတ်အဖြူတွေ ပတ်ထားတာတွေ့တယ်။ သူတို့က ရပ်ကွက်လူကြီးတို့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ အဲ့လိုလူတွေ။ ကျနော်တို့ကိုလည်း ဗီဒီယို မှတ်တမ်း တင်တာတွေဘာတွေ လုပ်တယ်။ အဲ့ဒီက ထောက်လှမ်းရေး ထင်တယ် တယောက်က “မင်းတို့က စရိုက်လို့ ငါတို့က လုပ်ရတယ်” ဆိုပြီး ကျနော့်ကို ပြောတယ်။ အဲ့မှာ ကားပေါ် ပါတဲ့ သက်သေပစ္စည်းတွေ စာရင်းတွေလုပ်။ စာရင်းတွေ လုပ်ပြီးပြီဆိုမှ ကျနော့်ကိုပါ အချုပ်ထဲ ထည့်လိုက်တယ်။ အဲ့ဒီမှာ ကျနော်တို့ကို ထမင်းလည်း မကျွေးဘူး။ အဲ့ဒီညနဲ့ နောက်နေ့ တနေ့လုံး ထားတယ်။

အန်တီနဲ့ လိုက်သွားတဲ့ နှစ်ယောက်က သိပ်မကြာဘူး ပြန်ရောက်လာတယ်။ ကျနော်တို့ ၁၇ ယောက်ကို နောက်နေ့ ညနေမှာ ဒိုင်နာ ၂ စီးနဲ့ ရွှေဘိုထောင်ကို ပို့တယ်။ ဒိုင်နာ ၂ စီးကို တာလပတ်တွေနဲ့ အုပ်ပြီးတော့ ရဲတွေနဲ့ ခေါ်သွား တယ်။ ရွှေဘိုထောင်ရောက်တော့ ကျနော်တို့ တယောက်စီကို ရာဇဝတ်သား ၂ ယောက်၊ တန်းစီးလိုမျိုးပေါ့ အဲ့လို လူတွေနဲ့ ထားတယ်။ အဟန့်ပေါ့ဗျာ။ ဒါပေမယ့် သူတို့က ကျနော်တို့ကို ဘယ်သူမှ ရိုင်းရိုင်းပြပြ မဆက်ဆံပါဘူး။
ကောင်းကောင်းမွန်မွန် စောင်တွေဘာတွေနဲ့ ထားပါတယ်။

ရွှေဘိုထောင်မှာ ကိုတိုးလွင်ကိုလည်း ကျနော်တို့ ပြန်တွေ့တယ်။ စရိုက်လို့ ကျနော်တို့ကား ထွက်လာတဲ့အချိန်မှာ သူက မှောက်ကျန်နေခဲ့တော့ သူ့ကို ကျနော်တို့က အသေဆိုပြီး တွက်ထားတာ ရွှေဘိုထောင် ရောက်မှ ပြန်တွေ့တာ။ သူကလည်း ခေါင်းတခေါင်းလုံး အရိုက်ခံထားရတာ ပွစိကို လန်နေတာပဲ။ အဲ့ဒီအချိန်အထိ သူ့ကို ဆေးကုမပေး ထားဘူး။

အဲ့ဒီမှာ ည ၂ နာရီလောက်မှာ ရွှေဘိုထောင်ကနေ ပြန်ထုတ်တယ်။ ပြန်ခါနီးမှ ကိုတိုးလွင်ကို ပတ်တီးတွေစည်းပြီး ကျနော်တို့နဲ့ ပြန်ထည့်ပေးလိုက်တယ်။ ကျနော်တို့ထဲက မုံရွာက ကျောင်းသားလေး တယောက်ကိုတော့ သူတို့
ရွှေဘိုထောင်မှာပဲ ထားခဲ့တယ်။ ကျနော်တို့ကို ခေါင်းစွပ်တွေ စွပ်ပြီး ကုန်ကားကြီးပေါ် တင်တယ်။ ကားပေါ်ရောက်
တော့ မျက်နှာဖုံး ပြန်ချွတ်တယ်။ ကားပေါ်မှာ မတ်တပ်မရပ်ခိုင်းပေမယ့် ပတ်ဝန်းကျင်ကို မြင်ရတော့ တံတားဦးဘက်
ရောက်နေတာ ကျနော်သိရတယ်။ အဲ့ဘက်က ရောက်နေကျဆိုတော့ ကျနော်က သိတယ်လေ။ နောက် ကျနော်တို့ကို မျက်နှာဖုံးပြန်စွပ်ပြီး နာမည်တွေခေါ်ပြီး လေယာဉ်ပေါ် တင်တယ်။

လေယာဉ်ပေါ်မှာ ကျနော်တို့က မျက်နှာဖုံးစွပ်တွေက မွန်းတယ်။ လေယာဉ်ပေါ်ကနေ ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူးလို့ တောင်းပန်တော့မှ မျက်နှာဖုံးစွပ်တွေ ချွတ်ပေးတယ်။ လေယာဉ်က ထိုင်ခုံတွေနဲ့ပဲ။ ဒီဘက်ထိုင်ခုံ နှစ်ခုံ ဟိုဘက်နှစ်ခုံ နှစ်တန်းပါတယ်။ လေယာဉ်မယ် ပါတယ်။ ဒီဘက်မှာ ကျနော်တို့ကို နှစ်ယောက်စီ ထားလိုက်တယ်။ ဟိုဘက်မှာက စစ် ထောက်လှမ်းရေးတွေ၊ ရဲထဲက SB တို့ ပါမယ်ထင်တယ်။ သူတို့လည်း နှစ်ယောက်စီ ထိုင်တယ်။ ကျနော်တို့ ၁၇ ယောက်ကို သူတို့ကလည်း ၁၇ ယောက် ပါတယ်။

၁ နာရီ၊ ၂ နာရီလောက် ကြာတော့ ခန္တီးကို ရောက်တယ်။ မိုးလင်းပြီ။ ခန္တီးထောင်မှာ ကျနော်တို့ နေဖို့ နေရာတွေချ တယ်။ မင်းတို့ကို ကောင်းကောင်းမွန်မွန် ကျွေးပါ့မယ် ဘာညာပြောပြီး ကျနော်တို့ကို ရွှေဘိုက ထည့်ပေးလိုက်တဲ့ အထုပ်လေးတွေတောင် သိမ်းသွားတယ်။ ကျနော် နေရတဲ့ အခန်းက ၃ ပေ၊ ၈ ပေ လောက် ရှိမယ်။ (ခန္တီးထောင်တွင် ကိုကျော်စိုးလင်း ကြုံတွေ့ ခဲ့ရသည်များမှာ စစ်အစိုးရလက်ထက် နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့ခဲ့ရသည့် အနေအထား များအတိုင်းဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်။)

ခန္ဓီးထောင်မှာ ဘယ်လောက်နေခဲ့ရလဲ။

ခြောက်လ။

အဲ့ဒီခြောက်လက တရားခွင်တွေဘာတွေတင်၊ အမှုတွေဘာတွေ စစ်ပြီး ချုပ်တာလား။

တရားခွင် မတင်ဘူး။ ဒီလို မတရားချုပ်နှောင်တဲ့အပြင် မတရားဖမ်းဆီးမှုလို့လည်း ပြောရမှာပေါ့။ အဲ့ဒီမှာ ၁၅ ရက်
လောက်က စစ်ကြောရေး ဝင်ခဲ့ရတယ်။ စစ်ကြောရေးကတော့ တကယ့် ဆိုးဆိုးဝါးဝါး ငရဲခန်းပါပဲ။

စစ်ကြောရေးမှာ အဓိက ဘာတွေစစ်လဲ။

အဓိကကတော့ ကျနော်တို့က စလုပ်တာပေါ့။ ကျနော်တို့က ရိုက်တယ်ဆိုတဲ့ အကြောင်းကို ထွက် ဆိုခိုင်းတာ။ ပထမ တကြိမ် လာစစ်လည်း ကျနော် အမှန်အတိုင်းပြောတယ်။ ဒုတိယ တကြိမ်၊ တတိယ အကြိမ်လဲ အဲ့ဒီအတိုင်းပဲ ထွက်တယ်။ ကျနော်တယောက်တည်းကို လူ ၄၊ ၅၊ ၆ ယောက် လောက်က ဝိုင်းစစ်တာ။ ဒီလူ ၄၊ ၅၊ ၆ ယောက်က
လည်း အဲ့တာကိုပဲ မေးတယ်။ မနက်တခါ၊ နေ့လည်တခါ၊ ညဆိုလည်း ၇ နာရီတခါ၊ ၁၂ နာရီတခါ အဲ့လို စစ်တယ်။

ဒီပဲယင်း ဖြစ်စဉ်ကို အိပ်မက်တွေ ပြန်မက်တာမျိုး၊ ပြန်ပြီး ခံစားနေရတာမျိုး ရှိလား။

ထောင်ထဲရောက်နေတဲ့ အချိန်တုန်းကတော့ နားထဲမှာ အဲ့အဖြစ်အပျက်တွေ ကြားနေရတာမျိုး ရှိတယ်။ ကျနော်က
ဖြစ်တဲ့ နေရာမှာတုန်းက ဘာမှ မဖြစ်ခဲ့ဘူးလို့ ပြောလို့ရတယ်။ ထောင်ထဲ ရောက်မှ နှိပ်စက်ခံရတဲ့ အခါကျမှ မျက်လုံး တဘက် ထိလာတယ်။ မျက်လုံးက အားနည်း သွားတယ် ပြောရမှာပေါ့။ သွားတွေလည်း အခုထိ မကောင်းတော့ဘူး။ နားတွေလည်း သိပ် မကောင်းတော့ဘူး။ အဲ့တော့ ထောင်ထဲက အဖြစ်အပျက်တွေ အိပ်မက်လို ပြန်မက်တာတွေ ရှိတယ်။ အမြဲတမ်း အာရုံထဲမှာ ရောက်နေတာမျိုး ရှိပါတယ်။

အခုအချိန်အထိ ခံစားနေရတာကတော့ ဒီကိစ္စက အစိုးရတရပ်အနေနဲ့ လုပ်ကြံတယ်လို့ သိပေမယ့် ဘယ်သူက ဦးဆောင်ပြီးတော့ လုပ်သလဲ ဆိုတာကို။ တာဝန်ရှိတာတော့ အစိုးရမှာ တာဝန်ရှိတယ်။ အများကလည်း သိတဲ့ အနေအထားရှိတယ်။ ဒါပေမယ့် ဒီဥစ္စာကို ဘယ်သူက ဦးဆောင်ပြီးတော့ အကွက်ကျကျ စီစဉ်ပြီးတော့ လုပ်သလဲ ဆိုတာ အခုအချိန်အထိ မပေါ်ပေါက် သေးဘူး။ နောက်ပြီး လုပ်တဲ့သူတွေ ဘယ်နှစ်ယောက်၊ ဘယ်သူတွေဆိုတာ ကျနော်တို့ တိတိကျကျ ဖော်ထုတ်နိုင်စွမ်း မရှိသေးဘူး။

ကျနော့်စိတ်ထဲမှာ သူတို့ကို ပြန်ပြီး ထိခိုက်ပါစေ၊ နစ်နာပါစေ၊ ဟိုဟာဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမယ့် အဖြစ်မှန်
လေးကိုတော့ ပေါ်ပေါက်စေချင်တယ်။ တနေ့ထက် တနေ့တော့ အဲ့ဒီ ခံစားချက်လေးတော့ ရှိနေတာပေါ့နော်။

ခန္တီးကနေ ပြန်လွတ်လာပြီး နောက်ပိုင်း အန်တီနဲ့ ဘယ်နှစ်ခါ ပြန်တွေ့ဖြစ်လဲ။

အန်တီ ၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က လွတ်ပြီးတော့မှပဲ ကျနော်သွားပြန်တွေ့ဖြစ်တယ်။ အခုဆို ၇ ကြိမ်လောက်
တော့ တွေ့ပြီးပါပြီ။

အန်တီနဲ့ အဲ့ဒီတုန်းက အခြေအနေတွေ ပြန်ပြောဖြစ်လား။ အကို့ ပါဝင်မှုနဲ့ ပတ်သတ်ပြီး အန်တီက ဘာပြောသေး လဲ။

စစတွေ့ချင်းတုန်းက အန်တီက အချိန်သိပ်မရဘူး။ ထွက်လာကာစဆိုတော့ သတင်းယူတဲ့သူတွေ၊ တွေ့ချင်တဲ့ သံအမတ်တွေ၊ သံတမန်တွေ များနေပေမယ့် ကျနော့်ကို အန်တီက တော်တော်လေး အချိန်ပေး စကားပြောဖြစ်ပါ တယ်။ စစတွေ့တဲ့ အချိန်မှာ မြန်မာ့နိုင်ငံရေးဖြစ်စဉ် အခြေအနေပေါ့။ ဒါတွေကိုပဲ အဓိက ကျနော်တို့ ပြောဖြစ်ပါ တယ်။ နောက် ကျနော့်ကို ကျေးဇူးတင်တဲ့ အကြောင်းလည်း ပြောပါတယ်။ ကျနော်က ရှေ့နေတယောက် ဖြစ်နေတယ် ဆိုတော့ ရှေ့နေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေလည်း ပြောဖြစ်ပါတယ်။

အခု အခြေအနေတွေ ပြောင်းနေပြီ။ အန်တီလည်း လွှတ်တော်ထဲရောက်သွားပြီဆိုတော့ တချိန်က အန်တီနဲ့ အသက်အန္တရာယ် အတူကြုံခဲ့ဖူးတဲ့သူ အနေနဲ့ ဒီအနေအထားပေါ်မှာ ဘယ်လိုထင်လဲ။

အန်တီက လွှတ်တော်ထဲရောက်သွားပြီ။ အစိုးရနဲ့ အတိုက် အခံနဲ့ ပေါင်းပြီး အလုပ်လုပ်ရမယ်ဆိုတဲ့ အချိန်ရောက်သွား
တော့ အန်တီလည်း ပိုပြီး တာဝန်တွေ ကြီးလာတယ်လို့ ခံစားရတယ်။ ဖြစ်တဲ့ ပြဿနာတွေ အားလုံး အန်တီ့ဆီကို
တိုက်ရိုက် တိုင်တည်လာကြတယ်။ အရင်က မတိုင်တည်ရဲ ကြဘူး။ အခုလွှတ်တော်ထဲ ရောက်ပြီဆိုတော့
အန်တီ့ကို ခေါင်းတည်ပြီး တိုင်တည်လာတာတွေ ရှိလာ တယ်။ ရောက်လာတဲ့ ပြဿနာတွေကို အန်တီက
ဖြေရှင်းပေးရတဲ့အပြင် တိုင်းပြည်ရဲ့ အပြောင်းအလဲ အတွက်လည်း ဖြေရှင်းနေရတော့ အန်တီ့အနေနဲ့ တာဝန်တွေ 
ပိုများလာတယ်လို့ ခံစားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နောက်ထပ် အဲ့လို အနီးကပ်တာဝန် ယူပေးချင်သေးလား။

အန်တီလွတ်ပြီးတော့ ကျနော်က ပြောပါတယ်။ အန်တီ လိုအပ်ရင် ဘယ်အချိန်ဖြစ်ဖြစ် ခေါ်ပါခိုင်းပါ ဆိုတော့ အန်တီ က ကျနော့်မှာက မိန်းမနဲ့ ကလေးနဲ့ မိသားစုနဲ့ ဖြစ်ဆိုတော့ မိသားစုကို ဂရုစိုက်ဖို့ လိုတယ်ပေါ့။ နောက် ရှေ့နေ အနေနဲ့ကော တခြားလုပ်နိုင်တာတွေ ရှိသေးတယ်ပေါ့ အဲ့လို ပြောပါတယ်။  

ဒီပဲယင်းကိစ္စလို ဖြစ်ပြီးခဲ့တာတွေ ပြန်ဖော်တာ ဒီမိုကရေစီကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်နိုင်တယ်လို့ ပြောတာတွေလည်း ရှိတယ်။ ဒီအပေါ်မှာကော ဘယ်လိုထင်လဲ။

ဒီဖြစ်ရပ်လေးက သမိုင်းပေါ့ဗျာ။ သမိုင်းအဖြစ်မှန်ပေါ့။ အခု ကျနော်တို့ကို လုပ်တဲ့သူတွေ အားလုံးက တော်တော်များ များက သက်ရှိထင်ရှား ရှိနေကြတုန်းပဲ။ သူတို့ကိုယ် သူတို့ပေါ့ဗျာ “ဟာ… ကျနော်တို့က အဲ့တုန်းက အဲ့လို ဖြစ်ခဲ့တယ်၊ အခုတော့ ကျနော်တို့က ပြောင်းလဲချင်ပြီ” ဆိုတာမျိုးပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ သူတို့ကို အပြစ်ပေးတာ မပေးတာအပေါ်မှာ ကျနော်တို့ ဘာဆန္ဒမှ မရှိပါဘူး။ အဖြစ်မှန်လေးကို ပေါ်လွင်စေချင်တာပေါ့ဗျာ။ နောင်သမိုင်းကြရင် ဒါဘယ်လိုက ဘယ်လိုဖြစ်တယ်၊ ဘယ်သူတွေ စီစဉ်ခဲ့လို့ ဘယ်လိုတွေ ဖြစ်တယ်ဆိုတာကို သမိုင်းကြောင်းမှာ တရားဝင်
ပေါ်သွားစေချင်တဲ့ ဆန္ဒရှိပါတယ်။

ဒီပဲယင်းဖြစ်စဉ်မှာ ရိုက်ကြနှက်ကြနဲ့ ငရဲပွက်နေတဲ့အချိန် မှတ်မှတ်ရရ အဖြစ်ဆုံး အပြုအမူ ဒါမှမဟုတ် စကားလုံးက ဘာဖြစ်မလဲ။

စွဲစွဲမြဲမြဲ သတိထားမိတာက ကျနော့်အရှေ့မှာ ပြောကြဆိုကြတဲ့အချိန်မှာ “ဒါ ဒေါ်အောင်ဆန်းစုကြည် ကားနော်၊ မင်းတို့ သမိုင်းဝင်သွားမယ်” ဆိုပြီး ပြောတဲ့အချိန် သူတို့ ခဏတုန့်သွားတယ်။ နောက်ပြီးမှ “ဟာ.. ဘာပဲဖြစ်ဖြစ် ချကွာ၊ ရိုက်ရိုက်” ဆိုပြီး ဝင်ရိုက်တဲ့ အဖြစ်ကတော့ ကျနော့် စိတ်ထဲမှာ ထင်ကျန်နေတုန်းပဲ။


by အဓိပတိဘွား စနေသား

- ဒီပဲယင်းအရေးအခင်း တရားခံများ
မေးလ်ထဲသို့ ရောက်ရှိလာသည်ကို ပြန်လည် မျှဝေပါသည်...

၁။ ခင်ညွန့် -နအဖ အတွင်းရေးမှူး(၁)၊ ဒေါ်စုအား လုပ်ကြံရန် အဓိကအမိန့် ပေးသူ၊
၎င်းနောက် ဝန်ကြီးချုပ်ဖြစ်လာ၊ ပြီး စစ်အာဏာနေရာလုရန်ကြိုးပန်း၍ ဖမ်းဆီးထား၊ ယခု ပြန်လွတ်။

၂။ စိုးဝင်း-နမခ စစ်တိုင်းမှူး ၊ ဒီပဲယင်းအရေးအခင်းတွင် အနီးဆုံးကြီးကြပ်ကွပ်ကဲသူ၊
၎င်းနောက် အတွင်းရေးမှူး(၁)၊ ပြီး ဝန်ကြီးချုပ်၊ ယခု သေဆုံးပြီး။

၃။ သန်းဟန်-ဒု ဗိုလ်မှူးကြီး၊ ရွှေဘို ခယက ဥက္ကဌ၊ဒီပဲယင်းသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ခဲ့သူ၊
၎င်း အရေးအခင်းအပြီး ရဲမှူးချုပ်အဖြစ် ပြောင်းရွေ့ ခြေရာဖျောက်ထား။

၎။ တင်မြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အတွင်းရေးမှူး
 ဒေါ်စုအရေးအခင်းအတွက် ရွှေဘိုမှ ချောကားများ၊လက်နက်များ၊လူတစ်ယောက်လျှင် ထမင်းတစ်ထုပ်နှင့် ငွေ(၃၀၀၀)ကျပ်ပေးကာ အင်အားစုစည်းပေးသူ၊ အရေးအခင်းပြီးသောအခါ တိုင်းကြံ့ဖွံ့ အမှူဆောင်အဖြစ် ခြေရာဖျောက်ထားပြီး အခြေအနေငြိမ်သက်သောအခါ ရွှေဘို ခယက အတွင်းရေးမှူး အဖြစ် ချီးမြှောက်ခဲ့။

၅။ စိုးမြင့်-ရွှေဘိုခရိုင် ကြံ့ဖွံ့ အမှူဆောင်
 ဒေါ်စုအရေးအခင်းတွင် အတက်ကြွဆုံး စိတ်ပါလက်ပါ ဆောင်ရွက်ခဲ့သူ၊ဒီပဲယင်းသို့ ကိုယ်တိုင်လိုက်ပါ၍ ရိုက်နှက်ခဲ့သူ၊အရေးအခင်းပြီး၍ ဆောင်ရွက်ခဲ့မှူအား စစ်ကိုင်းတိုင်းကြံ့ဖွံ့ ခေါင်းဆောင် သူရအေးမြင့်ထံ ရှင်းလင်းတင်ပြရာတွင် တင်မြင့်ကိုပင် သွေးကြောင်သည်ဟုစွပ်စွဲခဲ့သည်။

၆။ ထွန်းကိုကို-ခရိုင်ကြံ့ဖွံ့ အမှုဆောင်၊ 
၎င်းပိုင် သံဆိုင်မှ သံဒုတ်များယူကာ ရပ်ကွက်အရက်ဆိုင်များ၊ဆိုက်ကားသမားအချို့ နှင့်ကားဂိတ်ကြိုများအားပေး၍၄င်းမိသားစုပိုင် ဒိုင်နာကားဖြင့် ဒီပဲယင်းသို့ သွားရောက်ဆောင်ရွက်ပြီး အရေးအခင်းအပြီးတွင် ခရိုင်အတွင်းရေးမှုးဖြစ်လာကာ ကြံ့ခိုင်ရေးထောက်ပံ့ငွေများဖြင့် ယခု ကောင်းမြတ်ထက် အမည်ဖြင့် ဘုရားမြေအားကျူးကျော်ကာ သံဆိုင်ဖွင့်လျှက်ရှိ။

၇။ သန်းထွန်း-ခရိုင်အမှူဆောင်၊ 
၎င်းဇာတိ ရွှေခြင်္သေ့ကားသင်းမှ ဒိုင်နာကားတစ်စင်းအပြည့်လူခေါ်ကာ ဒီပဲယင်းသို့ သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအခါ ဒီပဲယင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်။

၈။ ဇော်ဇော်-မြို့ နယ်ကြံ့ဖွံ့ အတွင်းရေးမှူး၊
 ရွှေဘိုမြို့ အနီးကျေးရွာများမှ ရပ်/ကျေးအမှူဆောင်များအား စခန်းချလေ့ကျင့်ရေးဟုလိမ်ညာကာ ဒီပဲယင်းသို့ ခေါ်သွားရာ အချို့ ကအဖြစ်မှန်သိ၍ ပြန်သွားခဲ့၊ယခု ဘက်စုံခြံအား အပိုင်စီးကာ စီးပွါးရေးလုပ်ကိုင်လျှက်ရှိ။

၉။ သန်းထွန်း-ခရိုင် ပို့ ဆက်ဦးစီး၊
 ရွှေဘိုမှဒီပဲယင်းအတွက် ကားများချောဆွဲပေးခဲ့သူ၊အရေးအခင်းအပြီး မူဆယ်သို့ ပြောင်းရွေ့ ၍ ချေရာဖျောက် ချီးမြှင့်ပေးခဲ့သည်။

၁၀။ သောင်းဝင်း-ဒုရဲမှူး၊ဒီပဲယင်းမြို့ နယ်မှူး၊ 
အထူးရေးရန်မလိုပါ၊ရဲက အထက်အမိန့် နာခံ၍ ရဲအလုပ် ရဲလုပ်သွားခဲ့သည်၊အရေးအခင်းအပြီး ကျောက်ပန်းတောင်းသို့ ပြောင်းပေးထားခဲ့သည်။

၁၁။ ဝင်းသိန်း-ဒီပဲယင်းမြို့ နယ် ကြွံဖွံ့ အတွင်းရေးမှူး၊ 
အရေးအခင်းတွင် ဒီပဲယင်းမှလူများ၊ရွှေဘိုမှလူများအားရွာသစ်ကျေးရွာနှင့် သမိုင်းဝင် ကြည်ရွာကားလမ်းဘေး ဝဲယာတွင်နေရာချထားကာ ဒေါ်စုယာဉ်တန်းလာပါကဝိုင်းဝန်းရိုက်နှက်ရန် စီစဉ်ခဲ့သူ။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်ယာဉ်တန်းအား တားဆီးပိတ်ဆို့ ရိုက်နှက်ရန်အတွက် ဒီပဲယင်းမှလူအချို့ နှင့် ရွှေဘိုမှ အင်အားအများဆုံးခေါ်ယူရခြင်းမှာ ဒေါ်စုခရီးစဉ်အား ထောက်ခံကြိုဆိုသည့် ဒီပဲယင်းနယ်သားများအား တစ်နယ်ထည်းသားချင်းဆိုလျှင် ရိုက်နှက်မည်မဟုတ်သောကြောင့် ရွှေဘိုမှ လူမိုက်များအားခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခု ယင်းကိစ္စအဓိကတရားခံခေါင်းဆောင်ကြီး လွတ်လာပြီ။ကျန်လူများကလည်း အဆင်သင့်။တော်လှန်ရေးအသိ၊တော်လှန်ရေးသတိ အမြဲရှိပါ။လက်ရှိအောင်မြင်မှုလေးအပေါ်သာယာနေရုံနှင့် မပြီးသေးပါ။နောက်မှ နောင်တရ ကြေကွဲစရာဖြစ်လာမယ်။

၁၉ ဇူလိုင် ပြီး နောက်ထပ် အာဇာနည်နေ့  မလိုချင်ပါ။
အားလုံးဟာ ကိုယ့်အင်အားအစစ်အမှန် မဟုတ်သေးဘူး။
နအဖရဲ့ ပြည်သူ့ သဘောထားဆိုတဲ့ပွဲမှာ `စုကြည် အလိုမရှိ` `ကုလားအုပ်မ ပြန်သွား` လို့ အားပါးတရ ဆဲဆိုခဲ့တဲ့သူတွေ ယခုရှိနေ ဆဲပါ။

အဲဒီတုံးက အသည်းနှလုံးဆတ်ဆတ်ခါအောင် နာခဲ့ရသူတွေက နောက်ထပ်ဝမ်းနည်းကြေကွဲမှုမလိုချင်တော့တဲ့အတွက် ဒီပဲယင်းအရေးအခင်း တရားခံတွေကို အမြန်ဆုံးအရေးယူပေးပါ။

အမှုမှန်ပေါ်ပေါက်ရေးအတွက်ထပ်မံသိရှိသူများ ပူးပေါင်းဖေါ်ထုတ် ပေးကြပါ။
နိုင်ငံတော်ကလည်းစစ်မှန်တဲ့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ မျက်နှာကိုပဲ ကြည့်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

---------------------------------------------------
ခွပ်တဲ့ဒေါင်းမှ ခွပ်ဒေါင်းဖြစ်မယ် .... ဖွတ်နဲ့ပေါင်းရင် ဖွတ်ဒေါင်းဖြစ်မယ်။

သားဆွေ   ၁၉-၂ -၂၀၁၂


28 May, 2012

ကမ္ဘာတွင် သူခိုးမရှိခဲ့သော နိုင်ငံ

ကမ္ဘာပေါ်တွင် သူခိုးမရှိသော နိုင်ငံ တစ်နိုင်ငံ ရှိခဲ့ဖူးသည်။   ထိုသည်မှာ မြန်မာနိုင်ငံပင်။

ထိုစကားကိုပြောခဲ့သူမှာ အိန္ဒိယနိုင်ငံသား ဟိန္ဒူဘာသာဝင် ဘဆေဆ်လာလ်ဂျီပင် ဖြစ်သည်။ အီဂတ်ပူရီပြည်နယ်၌ ဗုဒ္ဓ၏၀ိပဿနာတရားတော်များကို ကမ္ဘာသို့ဖြန့်ဝေလျက်ရှိသော
ဂုရုကြီးဦးဂိုအင်ကာ၏ အဘိုးတော်သူပင် ဖြစ်သည်။ အရောင်းအ၀ယ်ကုန်သည်အလုပ်ဖြင့်
ကမ္ဘာအနှ့ခြေဆန့်ခဲ့ဖူးသော ဘဆေဆ်လာလ်ဂျီသည် သူ အမြတ်နိုးဆုံးဖြစ်သော မန္တလေးရတနာပုံ
 နေပြည့်တော်တွင် အခြေချနေထိုင်ခဲ့သည်။ ထိုချိန်က အထက်မြန်မာပြည်သည် မြန်မာဘုရင်၏
လက်ထဲမှာသာ ရှိသေးသောကြောင့် သူခိုး လူလိမ်ဆိုသည်မှာ ချိုနှင့်လားဟု မေးရလောက်အောင်
မြန်မာတိုင်းစာရိတ္တသတ္တိ အပြည့်ရှိနေချိန် ဖြစ်ပါ၏။

ထိုသူသည် ကုန်သည်ကြီးတစ်ဦးဖြစ်ရာ အထက်မြန်မာပြည်ရှိ မြို့ကြီးအသီးသီးသို့ သွားရောက်
ရောင်းဝယ်ရသည်။ ပစ္စည်းပစ္စယများ သယ်ရန်အတွက် မြင်းငါးကောင်နှင့်အတူ မြန်မာမြင်းစီးသမား
ငါးယောက်ကိုလည်း တစ်ခါတည်း အသွားအပြန် ငှားလာခဲ့ရသည်။ အရောင်းအ၀ယ် ပစ္စည်းများသောကြောင့်
ရက်ကြာလာသည်နှင့်အမျှ ဘဆေဆ်လာလ်ဂျီ၏ ပိုက်ဆံထည့်သည့်အိတ်ကြီးမှာလည်း ငွေဒင်္ဂါးများနှင့်
ပြည့်ပြည့်လာခဲ့သည်။
 နောက်ထပ် မြို့သုံးမြို့ ငါးရက် ခရီးနှင်ပြီးလျှင် သည်တစ်ခေါက်အရောင်းအ၀ယ်ပြီးဆုံးပြီဖြစ်၍
ဘဆေဆ်လာလ်ဂျီသည် အိမ်ပြန်ရတော့မည်ကိုတွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။
 နေ၀င်စပြုနေပြီဖြစ်သည့်အတွက် လှမ်းမြင်နေရသော ဇရပ်တစ်ခုပေါ်တွင် တစ်ညအိပ်ရန်
မြင်းသမားများကို အချက်ပြလိုက်သည်။ ရှေးခေတ်က ဇရပ်ဆိုသည်မှာ ညအိပ်ညနေခရီးသည်များအတွက်
လမ်းဆုံးလမ်းခွတွင် ဆောက်ထားသော ဇရပ်မျိုးသာဖြစ်သည်။ အမိုးနှင့်အခင်းကို အကောင်းဆုံး
လုပ်ထားသောလည်း အကာမရှိသောကြောင့် အရပ်လေးမျက်နှာမှ ခရီးသွားများ တံခါးမရှိ၊ ဓားမရှိ
လွတ်လပ်ချမ်းသာစွာ တည်းခိုနိုင်သည် ဟူသော အဓိပ္ပါယ်ကိုဆောင်သည်ဟု ယူဆရသည်။ တတ်နိုင်သော
ဇရပ်အလှူရှင်အချို့သည် ခရီးသွားများအတွက် ဆန် ဆီ စသော စားသောက်ဖွယ်ရများကိုပင်
ထားပေးကြောင်းသိရသည်။ ချက်ပြုတ်စားသောက်ပြီး နေလည်းမရှိတော့ပြီဖြစ်၍ ဘဆေဆ်လာလ်ဂျီတို့
ထိုဇရပ်မှာပင် ညအိပ်လိုက်ကြသည်။
 နောင်တစ်နေ့ မိုးမလင်မီ မနက်စောစောခရီးဆက်ကြရန် မြင်းသမားတို့ကို ဆော်သြထားလိုက်သည်။
အရေးအကြီးဆုံးဖြစ်သည့် ငွေဒင်္ဂါးအိတ်ကြီးကို မေ့ကျန်နေခဲ့မှာစိုးသောကြောင့် ခေါင်းအုံးအိပ်လိုက်သည်။
မနက်လေးနာရီလောက်ထပြီး မြန်မြန်ထက်ထက်ပြင်ဆင်ကာ ရှေ့ခရီးကို ဆက်လာခဲ့ကြသည်။
 ခြောက်နာရီခန့်ခရီးပေါက်ပြီးသောအခါမှ ခေါင်းအုံးအိပ်ခဲ့သည့် ငွေအိတ်ကြီး ပါမလာမှန်း
ဘဆေဆ်လာလ်ဂျီ သိသွားသည်။ ပြင်းထန်သော စိုးရိမ်သောကစိတ်ကြောင့် နှလုံးသားမှာ
တဒိန်းဒိန်းခုန်လာပြီး အမောဆို့သလိုပင်ဖြစ်လာသည်။
ထို့ကြောင့် -
“ဟေ့ . . အားလုံးရပ်လိုက်ကြဦး။”
“ကျွန်တော့ငွေဒင်္ဂါးအိတ်ကြီး ညအိပ်ခဲ့တဲ့ဇရပ်ပေါ်မှာ ကျန်နေခဲ့တယ်။ ဒါ့ကြောင့် နောက်လှည့်ပြန်ကြရမယ်”
 ဟုပြောလိုက်သော်လည်း မြန်မာလူမျိုး မြင်းသမားငါးယောက်လုံး တစ်ယောက်မှ တအံ့တသြ
တထိတ်တလန့် ဖြစ်မသွားကြ။ သွားယူပေးမည့် အမူအရာလည်း မပြကြသဖြင့် ဘဆေဆ်လာလ်ဂျီ
မနေနိုင်တော့ -
“ကဲ. . . မြန်မြန်သွားယူဘို့ပြင်ကြလေ။ ဘာလို့အေးတိအေးစက်ဖြစ်နေကြတာတုန်း”
ဟုပြောလိုက်သောအခါတွင်မှ အသက်ခပ်ကြီးကြီး မြင်းသမားတစ်ဦးက -
“မိတ်ဆွေကြီး ဘာမှစိတ်မပူပါနဲ့။ ကိုယ့်ခရီးကိုသာ ပြီးဆုံးအောင်ဆက်သွားပါ။ အပြန်ကျမှ ငွေအိတ်ကို
ဝင်ယူပါ။ မိတ်ဆွေကြီးငွေအိတ် ဘယ်မှ ထွက်မပြေးပါဘူး။ ဘယ်သူမှလည်း မယူပါဘူး။”
ဟု ပြောလိုက်သဖြင့် ဘဆေဆ်လာလ်ဂျီတစ်ယောက် ဒေါသထွက်သွားသည်။
“လွယ်ရင် သူကြွယ်တောင်မနေဘူး”
ဟူသော စကားရှိနေရာ အဆင်သင့်တွေ့ရသော ငွေဒင်္ဂါးအိတ်ကြီးကို ဘယ်လိုလူသည် မယူဘဲ
 နေနိုင်ပါအံ့နည်း။ ဘယ်သူမှ မယူဘူး ဟု တာဝန်ခံနိုင်လောက်အောင် သူတို့မြန်မာလူမျိုးတွေက
ဘယ်လောက်များ စာရိတ္တကောင်းနေကြလို့နည်းဟု တွေးနေမိသည်။ ထိုအတွေးနှင့်အတူ -
“အေးလေ . .. ငါတို့ ထွက်လာကြတာလဲ ခြောက်နာရီကျော်သွားပြီးဆိုတော့ ဒီငွေအိတ်ကြီးကို
ခရီးသွားတစ်ယောက်ယောက်ကရပြီး ယူသွားရောပေါ့။ ငါသွားနေလည်း ပင်ပန်းတာအဖတ်တင်မှာပ”ဲ
 ဟု စိတ်ပျက်စွာနှင့် ဆက်ကာတွေးပြီး ရှေ့မှာရှိသည့် မြို့ဈေးများသို့သာ ဆက်သွားလိုက်ကြသည်။
ငါးရက်ခန့်ရှိမှ ပြန်လာကြသောအခါ ဘဆေဆ်လာလ်ဂျီ ထားခဲ့သော ငွေဒင်္ဂါးကြီမှာ  ခေါင်းအုံးပြီး
အိပ်ခဲ့စဉ်ကအတိုင်းပင် လက်ရာမပျက် ပြန်တွေ့ရသည်။ ရေတွေက်ကြည့်သောအခါတွင်လည်း
တစ်ပြားတစ်ချပ်မျှမလျော့။
ထို့ကြောင့်လည်း ဘဆေဆ်လာလ်ဂျီက ကမ္ဘာ့ဝိပဿနာတရားပြဆရာကြီး ဖြစ်လာမည့် ဦးဂိုအင်ကာအလောင်းအလျာ သူ့မြေးလေးကို -
"ငါ့မြေးရေ၊ အဘိုးတို့ ဒီမြန်မာပြည်မှာ နေခွင့်ရတာ သိပ်ကံကောင်းတယ်။ ဘာဖြစ်လို့လည်းဆိုတော့
တစ်ကမ္ဘာလုံးမှာ သူခိုးမရှိတဲ့နိုင်ငံဆိုလို့ မြန်မာနိုင်ငံတစ်ခုပဲ ရှိတယ်။"
 နောက်တစ်ခုက မန္တလေး ရတနာပုံ ဈေးချိုတော်ကြီးလမ်းအလယ်မှာ အမျိုးသမီးတစ်ယောက်
အဖိုးတန်စိန်နားကပ်တစ်ဖက် ပြုတ်ကျ ကျန်နေခဲ့တယ်။ ဈေးလယ်ဆိုတော့ ဈေးရောင်းသည်၊ ဈေးဝယ်သည်
တစ်ယောက်မှ တစ်ယောက်တော့ တွေ့မှာပဲ။ သို့သော် တစ်ယောက်မှ ကောက်မယူကြဘူး။
အလွယ်တကူတွေ့ရတဲ့ အဖိုးတန်ပစ္စည်းကိုတောင် ကောက်မယူတဲ့မြန်မာလူမျိုးတွေဟာ သူတစ်ပါးအိမ်ကပစ္စည်းမသိအောင်ယူဖို့ ဆိုတာကတော့ ပိုပြီးဝေးသေတာပေါ့။ ဒါနဲ့ ဈေးချိုသာ
ပိတ်သွားတယ် စိန်နားကပ်ကြီးကတော့ လမ်းပေါ်မှာ ဒီအတိုင်းပါပဲ။
နောက်တစ်နေ့မနက် ဈေးချိုဖွင့်ခါနီးမှာ အလုပ်သမလေးတစ်ယောက် စိန်နားကပ်ကြီးကို တွေ့သွားတယ်။
“ဥစ္စာဆင်းရဲသော်လည်း စာရိတ္တ မဆင်းရဲသူတဲ့သူတွေကို မြင်ဖူးချင်ရင်” မြန်မာပြည်ကိုလာခဲ့ပါလို့
 ပြောရတော့မှာပဲ။ အလုပ်သမလေးဟာ စိန်နားကပ်ကို ကောက်ယူလိုက်တယ်။ ယူဖို့မဟုတ်ဘူး။
စိန်နားကပ်အောက်က ဖုန်တွေ အမှိုက်သရိုက်တွေလှဲပစ်ဖို့အတွက်ပါ။ လှဲကျင်းပြီးတဲ့အခါ တွေ့တဲ့နေရာမှာပဲ
အတိအကျ ပြန်ထားလိုက်တယ်။ ပိုင်ရှင်က သူကျပျောက်တဲ့နေရာ ပြန်လာရှာရင် မြန်မြန်တွေ့ပါစေဆိုတဲ့
 စေတနာပေါ့။ နောက်ဆုံးဈေးရုံးတာဝန်ခံ ကိုယ်တိုင်မြို့ထဲ “မောင်းထု ပိုင်ရှင်ရှာပြီးပေးလိုက်ရတယ်” ဟု
 ပြောခဲ့ဘူးသည်။ ကဲ စဉ်းစားကြည့်ကြပေတော့။ အရင်တုန်းက မြန်မာနိုင်ငံနှင့် ယခုမြန်မာနိုင်ငံ ဘယ်လောက်ကွာခြားသွားပြီလဲ။ ဒါကို ကြည့်ပြီး စိတ်မပျက်ကြပါနဲ့။ “ပျက်အစဉ် ပြင်ခဏ” ဆိုသလို မိမိကိုယ်ကိုသာ ငါးပါးသီလ လုံခြုံအောင် (စာရိတ္တပိုင်းသာ) တာဝန်ယူပါက မြန်မာနိုင်ငံမှမဟုတ် တစ်ကမ္ဘာလုံး ဘယ်လောက်ငြိမ်းချမ်းမလဲ။

အညွှန်း – သီလအစွမ်းအံ့မခန်းစာအုပ်၊ မြန်မာတို့၏အသက်။ 
Credit to Blogger လူဗိုလ် 

တိုကျိုမြို့ အိပ်မက်ဆိုးမက်ပြန်ပြီ

     ယနေ့ (29/5/2012) မနက် ၁ နာရီ ၃၅ မိနစ် (၂၈ ရက်နေ့ည သန်းကောင်ကျော်) တွင်

    Chiba ခရိုင် အနောက်မြောက်ပိုင်းကိုဗဟိုပြု၍ ရစ်ချတ်တာစကေး ၅.၂ ရှိသော  အင်အားပြင်းငလျင် လှုပ်ခတ်သွားခဲ့ပါသည်။
   
     တပြိုင်နက်တည်းမှာပဲ တိုကျိုမြို့တွင်း (၂၃) ရပ်ကွက်တွင်လည်း ရစ်ချတ်တာစကေး ၄ အဆင့်ရှိခဲ့ပါသည်။

     ငလျင်လှုပ်သောအချိန်မှာ လူတွေအိပ်မောကျနေချိန်ဖြစ်သည်။ အိပ်ရာမှလန့်၍နိုးကြသည်။

     11/3/2011 ငလျင်ကို သတိရသွားကြသည်။

     စာအုပ်ဆိုင်များတွင် ရောင်းချနေသော လာမည့် (၄) နှစ်အတွင်း ငလျင်လှုပ်ဦးမည်ဟူသော ကြိုတင်ခန့်မှန်းချက်စာအုပ်များ၊
     အကိုးအကားများကို ဂျပန်တို့ သတိပြန်ရသွားကြသည်။

     အရေးပေါ်အထုပ်အပိုးပြင်ထားသောသူများလည်း တစ်ခေါက် ပြန်စစ်ဆေးကြသည်။

     "မင်းတို့ နိုင်ငံခြားသားတွေက တိုင်းပြည်ပြန်လို့ရတယ် ငါတို့က တခြား သွားစရာမရှိဘူးလေ"

23 May, 2012

တာဝန်မဲ့စကား မဆိုစေချင်

"မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ"
(မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဒေါ်အေးအေးမင်း၏ပြောကြားချက်)

လူကြီးတစ်ယောက်အနေနဲ့ ဒီလို တာဝန်မဲ့စကားမဆိုသင့်ဘူးလို့ပြောချင်ပါတယ်။

မြန်မာလူမျိုးတွေဟာ ခွင့်လွှတ်တတ်ပါတယ်။
အကျိုးအကြောင်းရှင်းပြရင် နားလည်တယ်။
တောင်းပန်ရင် ကျေအေးတတ်ကြတယ်။

မိမ်ကိုယ်တိုင်ရော မိုးနတ်မင်းကြီးဆီမှာ တောင်းခံဘူးပါသလား?

ဒီလိုတောင်းခံလို့ရကြေးဆိုရင် မွေးကတည်းက လျှပ်စစ်မီးမလုံလောက်ခဲ့မှုကို ခံစားလာခဲ့ရတဲ့ တိုင်းသူပြည်သားတွေအနေနဲ့ စစ်အစိုးရရဲ့ဖိနှိပ်အုပ်ချုပ်မှုနဲ့ကင်းဝေးပြီး လူ့အခွင့်အရေးအပြည့်အဝရရှိနိုင်မယ့် နောက်ထပ်ကမ္ဘာတစ်ခုကိုတောင်းကြမှာပေါ့။

မိုးနတ်မင်းကြီးဆီမှာတောင်းဆိုတဲ့အယူဝါဒဟာတရုတ်လူမျိုးတို့ရဲ့အယူဝါဒဖြစ်တဲ့အတွက် သွယ်ဝိုက်သောနည်းအားဖြင့် လျှပ်စစ်မီးလိုချင်ရင် တရုတ်ကိုလှမ်းတောင်းပါလို့ ဆိုလိုခြင်းဖြစ်ပါသလား? (တရုတ်နိုင်ငံကို လျှပ်စစ်ရောင်းစားနေတာပဲလေ)

မသိဘူးဆိုရင်၊ အထက်ကညွှန်ကြားချက်မရသေးဘူးဆိုရင်

    "ကျွန်မ တောင်းပန်ပါတယ် မသိရသေးပါဘူး၊ အထက်ကညွှန်ကြားချက် သိရတာနဲ့ထုတ်ဖော်ပြောကြားပါမယ်
     ပြည်သူတွေရဲ့လိုအပ်ချက်၊ ခံစားချက်တွေကို ကျွန်မလည်းထပ်တူထပ်မျှနားလည်ပါတယ်"

ဆိုပြီး လူကြီးစကားပြောမယ်ဆိုရင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့သူတွေကလည်းနားလည်ပေးမှာပါပဲ။

နွားရှေ့ထွန်ကျူးမိတယ်ဆိုရင် အနူးအညွတ်တောင်းပန်ပါတယ်။

"နွေရာသီမှာ ရာသီဥတုပူပြင်းလွန်းလို့ ဆည်မြောင်းတာတမံတွေမှာ ရေခန်းနေလို့ပါ"

"မိုးရာသီရောက်ပြန်တော့ မိုးကြိုးပစ်ပြီး ဓါတ်တိုင်တွေလဲလို့ပါ"

ဆောင်းရာသီရောက်တော့ အကြောင်းပြချက်မရှိ လျှပ်စစ်မီးမလုံလောက်တဲ့ပြဿနာတွေမှာ
အမှောင်ထဲကနေ ပြောသမျှနားထောင်နေရတဲ့ပြည်သူလူထုရဲ့ဘဝတွေဟာ နွမ်းကြေလို့နေပါပြီ။

"မင်းတို့ခေတ်ရောက်ရင်တော့ လျှပ်စစ်မီးအပြည့်အဝရလာမှပါ" လို့ လက်ဆင့်ကမ်းလာတဲ့စကားဟာ
 ဆွေစဉ်မျိုးဆက် ဘယ်နှစ်ဆက်ရှိခဲ့ပါပြီလဲ?

ကျေးဇူးပြုပြီး တာဝန်မဲ့တဲ့စကား မပြောပါနဲ့လို့ ထပ်ပြီးတောင်းပန်ပါရစေ။

ကိုဘကွန်း၏ ပထမဆုံးထွက်ပေါက်



"ကျော်သူရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံပန်းချီပြပွဲ"



၂ဝဝ၇ ခုနှစ် စက်တင်ဘာလက မြန်မာပြည်မှာ ငြိမ်းချမ်းစွာလမ်းလျှောက်မေတ္တာ
ပို့ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရဟန်းတော်တွေကို ဆွမ်း၊ ရေချမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ အဲဒီ ၂ဝဝ၇ စက်တင်ဘာလကစပြီး အမေရိကန်အလည်အပါတ်ရောက်လာတဲ့ထိတိုင်အောင် ကျနော့် အနုပညာလုပ်ပိုင်ခွင့်တွေ အားလုံးကို ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။ အဲဒါကြောင့် အခုကျနော်အမေရိကန်ကို အလည်ရောက်ခိုက်မှာ ကျနော့် နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေ လူထုကိုပြသခွင့်ရခြင်းဟာ ကျနော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ ဆိုချင်ပါတယ်။

(ကျော်သူ)
(ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ပန်းချီဆရာ၊ သုဘရာဇာ)

ဧရာဝတီ blog မှကူးယူဖော်ပြပါသည်။

17 May, 2012

မျက်နှာမှာတော့ သနပ်ခါး၊ ပေါင်မှာကတော့ သေးစီးကြောင်းနဲ့



ဧရာဝတီ blog မှ ကူးယူဖော်ပြပါသည်။

မြန်မာတွေအတွက် ပြောစရာတစ်ခွန်းပဲရှိတယ် "လိုသေးတယ်" တဲ့


ရန်ကုန်မြို့ကြီးဟာ လူနေအိမ်ခြေများစွာနဲ့ တည်ထားတဲ့မြို့ ဖြစ်တဲ့အပြင်
နိုင်ငံတကာလေဆိပ်၊ ဆိပ်ကမ်းတွေ ရှိတဲ့ အတွက် အစိုးရရုံးများ အခြေစိုက်ရာ မြို့တစ်မြို့ မဟုတ်ငြားလည်း စည်ကားကြီးကျယ်သော မြို့ကြီးပါ။ လေယာဉ်လမ်းကြောင်းက ၀င်ရောက်လာတဲ့ နိုင်ငံခြားခရီးသည်တွေ၊ သံတမန်တွေ၊ စီးပွားးရေး လုပ်ငန်းရှင်တွေ၊ အမိမြေနဲ့ ဝေးကွာနေတဲ့ အိမ်သူအိမ်သားတွေ ပြန်လာကြတဲ့ မြန်မာပြည်ရဲ့ အဓိက အချက်အချာကျတဲ့ မြို့ကြီး ဆိုတာ မငြင်းနိုင်ပါဘူး။

ဆယ်စုနှစ်ပေါင်းများစွာကို ဖြတ်သန်းပြီးတဲ့နောက် ရန်ကုန်မြို့ကြီးဟာ ဒီဗွီဘီ ရုပ်သံက နေဇော်နိုင် ပြောသလို တကယ့်ကို ဂိုဒေါင်ပျက်ကြီး တစ်လုံးလိုပါပဲ။ နှမြောစရာပေါ့။

စည်းမဲ့ကမ်းမဲ့ ပိုပိုဖြစ်လာတဲ့ တိုင်းသူပြည်သားတွေနဲ့ဆိုတော့ ပျက်စီးနေတဲ့ ဂိုဒေါင်ပျက်ကြီးဟာ သပ်သပ်ယပ်ယပ်လေးများဖြစ်လိုက်ရင် သန့်သန့် ရှင်းရှင်းလေးများဖြစ်လိုက်ရင် ထွက်ပြေးစရာမြေမရှိတဲ့ အတူတူ နေသာထိုင်သာလေးတော့ ရှိဦးမှာပါ။

ခုတော့ ပတ်ဝန်းကျင်ဟာ ကိုယ်နဲ့ မဆိုင်သလို၊ ကိုယ့်အိမ်ရှေ့နဲ့ကိုယ့်အိမ်နောက်ဖေးဟာ ကိုယ်နဲ့မဆိုင်သလို နေနေကြတာဟာ အံ့မခန်းပါပဲ။ နံနက်အိမ်ရှေ့ထွက်တော့ အမှိုက်ပုံ၊ ညနေ အိမ်နောက်ဖေးဘက် လှည့်တော့လည်း တစ်ထပ်တိုက်လောက် မြင့်နေတဲ့ အမှိုက်ပုံ။ ဘယ်လိုများ ဖြေရှင်းရမှာပါလိမ့်။

လူတွေကတော့ စည်ပင်သာယာက အမှိုက်ခွန် မှန်မှန် ကောက်ပြီးတော့ အမှိုက် မသိမ်းဘူးပေါ့၊ ကျွန်မတို့ ရပ်ကွက်မှာတော့ ကျွန်မအိမ်မှာ ရှိတဲ့ရက်များမှာ အမှိုက်ကားက မှန်မှန်လာပါတယ်။ အထပ်မြင့်မှာနေတဲ့လူတွေရယ်၊ အမှိုက် ဆင်းပစ်ရမှာကို ရှက်ကြောက် ပျင်းရိနေတဲ့လူတွေရယ်က ည ည ဆိုရင် အမှိုက် ထုပ်တွေကို အိမ်ပေါ်ကနေ နောက်ဖေးလမ်းကြားထဲကို အဆင်အခြင်မရှိ ပစ်ပစ်ချတာများ အလန့်တကြားရှိလှပါတယ်။

တစ်ခါတစ်ရံများ သူတို့ ပစ်ချလိုက်တဲ့ အမှိုက်ထုပ်က အရှိန်နဲ့ကို ကျွန်မတို့ မီးဖိုချောင်ထဲကို ၀င်လာတတ်သလို၊ ကျွန်မ အိပ်ခန်းထဲကိုလည်း အမှိုက်ထုပ်က ပွင့်ပြီး စားကြွင်းစားကျန်တွေရော အခြားအမှိုက်တွေရော ရွံရှာစဖွယ်ကို ၀င်လာပါတယ်။ မြေညီထပ်မှာနေတဲ့ လူတွေခမျာ ဒီလောက်ပူအိုက်လှတဲ့ ရာသီမှာ နောက်ဖေးပြူတင်း တံခါးလေးကို ဖွင့်ပြီး အိပ်ခွင့် မရပါဘူ။ ခြင်၊ ယင်တွေ တလောင်းလောင်းနဲ့၊ ည ည ဆို ပူလွန်းလို့ ခြင်ထောင်ထဲ မ၀င်နိုင်တော့ ခြင်ဒဏ်ကို ခံလိုက်ရတာ မနေ့ညအထိပါပဲ။ ဒီညလည်း ထိုနည်းလည်းကောင်းပါပဲပေါ့၊ အိမ်နောက်ဖေးက လူတစ်ရပ်မက မြင့်နေတဲ့ အမှိုက်ပုံကြီးက ရှိ ရှိနေသေးရဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက ကျောင်းက ဆရာမများပြောတဲ့စကားလေးကို မှတ်မိသေးပါတယ်၊ မျက်နှာမှာတော့ သနပ်ခါးနဲ့ ပေါင်မှာကတော့ သေးစီးကြောင်းနဲ့ တဲ့။ ခုတော့ ကိုယ့်အိမ်နဲ့ ကိုယ့်ဝန်းကျင်က သေးစီးကြောင်းက ချောင်းဖြစ်နေလုပါပြီ။ အိမ်မှာရှိတဲ့ အလုပ် လုပ်နိုင်တဲ့ လူတွေအားလုံး အလုပ်လုပ်မှ စားဝတ်နေရေး ပြေလည်တဲ့ခေတ် ဆိုတော့လည်း လူတွေက ပင်ပန်းကြပါတယ်။ ဒါပေမယ့် ကျွန်မတို့ တိုင်းသူပြည်သားတွေပဲ ရုန်းကန်နေရတာ မဟုတ်ပါဘူး။

နိုင်ငံတကာမှာ လူတွေဟာ ကျွန်မတို့တွေထက်ကို စက်ရုပ်တွေလိုပဲ အလုပ်လုပ်ကြတာမှ လင်နဲ့မယား၊ မိဘနဲ့ သားသမီး၊ မောင်နဲ့ နှမ တစ်ပါတ်လုံးနေမှ ညနေခင်းလေး တစ်ခင်းလောက် တွေ့ကြ ဆုံကြအောင် ဖန်တီးချိန်းချက်ယူရတာ အမှန်ပါပဲ။ ဒီလောက် အလုပ်တွေ လုပ်နေတဲ့ သူတို့တွေရဲ့ အိမ်ရှေ့မှာ အမှိုက်ထုပ်တွေ ဖြစ်မနေသလို၊ အိမ်နောက်ဖေးကလည်း အမှိုက်ပုံကြီး ဖြစ်မနေတာ ကျွန်မ မျက်မြင်ကိုယ်တွေ့ပါ။

ခုနေတော့ အိမ်ပြန်လာတဲ့ အိမ်ရှင်မကလည်း ကိုရီးယားဇာတ်လမ်းတွဲမှာ နစ်မျော၊ အိမ်ပြန်လာတဲ့ အိမ်ရှင်ထီးကလည်း ဘောလုံးပွဲကိုစောင့်ရင်း ဂျာနယ်တစ်စောင်နဲ့ အချိန်ကုန်လိုက်တာမှ ကိုယ့် အိမ်ရှေ့က လမ်းကလေး ချိုင့်တွေကနေ ကျင်းကြီးဖြစ်နေတာတောင် မသိလိုက်တာမှ အမှိုက်ထုပ်ဆို ဝေလာဝေးသေးရဲ့။

အသင့်အတင့် ပြည့်စုံတဲ့လူတွေကလည်း အိမ်ကို အလုံပိတ်၊ လေအေးစက်ကလေး ဖွင့်ပြီးနေတော့ အမှိုက်ပုံအနံ့က နှာခေါင်းကို မကလိဘူးထင်ပါရဲ့။

နွမ်းပါးတဲ့လူကလည်း ပန်ကာလေးတ၀ီဝီနဲ့ ဘောလုံးစာစောင်လေး ဖတ်သူက ဖတ်၊ ကိုရီးယားဇာတ်လမ်းတွဲလေးကြည့်သူက ကြည့်နဲ့ ဆိုတော့ အမှိုက်ထုပ်လေးတွေ အိမ်ဘေးပုံပုံလာတာ မသိလိုက်ဘူး ထင်ပါရဲ့။

တိုင်းပြည်သစ်ကို ထူထောင်ချင်လိုက်တာ အသေအလဲ။
ဖတ်လိုက်ရတဲ့ ဂျာနယ်တွေ၊
ပြောလိုက်ရတဲ့ နိုင်ငံရေးစကားတွေ၊
ကိုယ်လိုလားတဲ့ လမ်းစဉ်တစ်ခုအတွက် ၀င်လိုက်ရတဲ့ တိုက်ပွဲတွေ၊
ပေးဆပ်လိုက်ရတဲ့ အသက်တွေ၊
အကျဉ်းထောင်ထဲမှာ ကုန်ဆုံးသွားတဲ့ ဆင်းရဲခြင်း အတိပြီးတဲ့ အချိန်တွေ၊
လူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊
လူထုတွေ အဆင်ပြေဖို့အရေး ထောက်ကူပေးကြတဲ့ အသင်းအဖွဲ့အစည်းတွေ ....... များစွာသော ကြိုးပမ်းမှုတွေဟာ အမှိုက်ပုံကြီးထဲကိုများ နစ်မြုပ်သွားမယ် ဆိုရင် သမိုင်းကြောင်းမှာ တာဝန်ရှိတဲ့လူတွေဟာ ဘယ်သူတွေများ ဖြစ်လာမှာပါလိမ့်။




10 May, 2012

"စီးပွားရေးနဲ့ နိုင်ငံရေး"



''ကျွန်မ ပြောချင်တာကတော့ ကျွန်မတို့ နိုင်ငံမှာတင်မကဘူး။ အချို့နိုင်ငံတွေမှာလည်း ဒီအမြင်တစ်ခုက အဲဒါဘာလဲဆိုတော့ စီးပွားရေးနဲ့ နိုင်ငံရေး မပတ်သက်ဘူးဆိုတဲ့ မှားယွင်းနေတဲ့ အမြင်ပဲ။ စီးပွားရေးနဲ့ နိုင်ငံရေး အများကြီး ပတ်သက်ပါတယ်။ လောလောလတ်လတ် ဥပမာတစ်ခုအနေနဲ့ ပြောရရင် ကားသွင်းတဲ့ ဥပဒေနဲ့ပတ်သက်လို့ အရင်နှစ်ရက်ကပဲ ဥပဒေက ပြောင်းသွားတယ်ဆိုတော့ ဒီဟာက ကားဈေးကွက်အပေါ်မှာ သက်ရောက်မှု ရှိတယ်မလား။ ဥပဒေကို ပြောင်းတယ်ဆိုတာ နိုင်ငံရေးအလုပ်ပဲ။ ဒါပေမယ့် ဒီနိုင်ငံရေး အလုပ်ဟာ စီးပွားရေးသမားတွေအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်ဆိုတာ ကျွန်မတို့နားလည်ဖို့ လိုတယ်။ အဲဒီလိုပဲ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ  ခွဲခြားလို့ မရပါဘူး''

(ဒေါ်အောင်ဆန်းစုကြည် ၉-၅-၂၀၁၂ လသာရုံးခန်းဖွင့်ပွဲပြောကြားချက်မှ)

20 April, 2012

"ပြည်သူ့ဂုဏ်ရည်" ဆု အတွက် ဂုဏ်ပြုလိုက်ရပါသည်


မီးမှန်အိမ်တစ်လုံးနဲ့ အမှန်တရားကိုရှာတွေ့ခဲ့ပြီ
ဝါးရင်းတုတ်တစ်ချောင်းနဲ့  လာသမျှဘေးကို ပြေးတွေ့ဖို့ အဆင်သင့်
အသုံးတဲ့တာတွေက တောင်းရင်လည်း ပေးလိုက်ဖို့ အိတ်တစ်လုံးနဲ့ အပြည့်ပေါ့။
ပီတိသူဋ္ဌေးကြီး ကိုဘကွန်း။

ပါရမီဖြည့်ဖက်လား တချက်ကလေးမှအပြုံးမပျက်ဘူး။

အဘရဲ့စိတ်တိုင်းကျ သုခမြို့ကိုတည်ဆောက်တယ်
အမေ့ရဲ့စိတ်တိုင်းကျ သမုဒ္ဒယမေတ္တာနဲ့  ဆေးချယ်
အများသူငါ စိတ်တိုင်းကျ တယုတယနဲ့  ဖေးတွယ်မ,လို့
 အိုကွယ်....
ကွမ်းတမြုံ့ မြုံ့  မှိုင်းကိုယ်တော်ရှိနေသေးရင်ဖြင့်
ဒွေးချိုး လေးချိုး ဆေးရိုးနဲ့  နှယ်
" အားလုံးလည်း အတုယူစဖွယ်  အမယ်မင်း.....သန္ဓေကောင်းတဲ့လူဟယ် " လို့။

အပေါ်ကလည်းမျှော်တယ် ဗိမာန်က ပေါ်နေပြီတဲ့
ဘယ်ကလာတာ မသိပေမဲ့ ဘယ်ကိုသွားမယ်ဆိုတာသိပြီးသားလူတစ်ဦး။


သူလာတဲ့နေ့ တွေများဆို
တစပြင် အဝဝင်မှာ
ဗုံမောင်းအိုးစည်နဲ့  ဆိုတီးကာ က,လို့  ကြို
ဘေးနားက အမေအို
ရုတ်ချည်းဆို ငိုညည်းလိုက်တာက
" သားရယ် ဒီတစ်ခါလာရင် ခေါစာကျွေးပါဦး " တဲ့လေ.....


အတိဒုက္ခရောက်နေသူများနှင့်
ပရလောကသားများအားလုံး၏ကိုယ်စား


တာတေကြီး
ရွှေတိုးလေး
သူရဲအောင်စိန်
မမြရွှေ


(ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ကို ပထမဦးဆုံး ရွေးချယ်ချင်းခံရသော ကိုကျော်သူ ကို ဂုဏ်ပြုလျက်)

09 April, 2012

"ဒီဆိုင်ကိုလိုချင်လို့ပါ"



ဧရာဝတီးတိုင်း မြို့ငယ်လေးတစ်မြို့။

   ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းတို့မှာ မြို့မဈေးတွင် ကိုယ်ပိုင်ဆိုင်ခန်းနှင့် အဝတ်အထည်များ
ရောင်းချသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလာခဲ့ကြသော်လည်း၊ အသက်အရွယ်
ကြီးရင့်လာသည်နှင့်အမျှ၊ ရှေ့ရေးအတွက်အိုစာမင်းစာကိုစဉ်းစားပြီးသကာလ၊ လုပ်ငန်းကို
ဖြုတ်၍ ဆိုင်ခန်းကိုရောင်းချကာ အေးအေးဆေးဆေးနေတော့မည်ဟူသော စိတ်ကူးဖြင့်...

   ဆိုင်ခန်းကလည်းဒေါင့်ခန်း၊ လူကြိုက်များသည်။ ရောင်းဖို့ပြေားထားသည်မှာလည်းကြာပြီ။
သို့ပေမယ့်...တော်တော်နှင့်ရောင်းမထွက်နိုင်။ ဒေါ်ခင်သန်းမှာ ဗေဒင်မေးပြီးယတြာချေရ
သည်က မောလှပြီ။ ဦအေးဝင်းလည်း စိတ်ဓါတ်ကျနေပြီ။

   လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက "ကျွန်တော့်ကိုပဲရောင်းပါဗျာ" ဟု တဖွဖွပြောနေခဲ့သော
မျက်စောင်းထိုးဆိုင်ခန်းမှ ထွေးမောင်ဆိုသူကလည်း "ပိုက်ဆံစုနေပါပြီ" ပြောလိုက်၊ "ငွေလိုနေ
သေးလို့ပါ" လို့ပြောလိုက်နှင့် ဆင်ခြေဆင်လက်ကုန်လုနီးပါဖြစ်နေလေပြီ။

   ထွေးမောင်ဆိုသည်မှာ တကယ်တော့ သူ့ဦးလေး၏အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင်
လခစားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး။ မရိုးသားသော်လည်း ကြိုးစားသောကြောင့်
သူ့ကို လက်လွှတ်၍မရပေ။ လစ်ရင်လစ်သလို စာရင်းဖျောက်တတ်သည်။

   ထွေးမောင်သည် ဦးအေးဝင်း၏ဆိုင်ခန်းကို အလွန်လိုချင်နေသည်။ ဒီဆိုင်ခန်းမှာ သူ ပိုင်နိုင်
သော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့်လိုက်ရရင်..ဟူသောအကြံဖြင့်။ တစ်ဖက်မှာလည်း
သူ့ဦးလေးက ငုတ်တုတ်ကြီးရှိနေသေးသဖြင့် ခေါင်းခဲနေပြီ။ သူ့အစ်မနှင့်တိုင်ပင်၍...

   ဒေါ်ခင်သန်းမှာ ဆိုင်ခန်းရောင်းထွက်ဖို့အရေး ဟိုလူ့မေး၊ ဒီလူ့မေးနှင့်။

   နောက်ဆုံး...ဒေါ်မြဝေနှင့်တွေ့လေသည်။

   ဒေါ်မြဝေသည် ဘာသာရေးအလုပ်ကိုဇောက်ချလုပ်ကိုင်နေသူဖြစ်ပြီး၊ အမှောင့်ပယောဂ၊
သရိုးသရီကိစ္စများကို ကူညီတတ်သူတစ်ဦးဖြစ်သည်။

   ဒေါ်ခင်သန်းလည်း ဦးအေးဝင်းကိုခေါ်၍ နှစ်ယောက်သား ဒေါ်မြဝေနှင့်သွားရောက်တွေ့ဆုံ
ကာ အကျိုးအကြောင်းရှင်းပြလေသည်။

   ထိုအခါ ဒေါ်မြဝေကမျက်စိမှိတ်၊ အာရုံပြုလျက်

     "အင်း...ဘယ်သူတုန်း ဆိုင်ပေါ်မှာထိုင်တာ" ဟုဆိုလေသည်။

   ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းတို့မှာ နားမလည်ပဲ

     "ဆိုင်ကရောင်းတော့မှာဆိုတော့ ဘယ်သူမှမထိုင်တော့ပါဘူး" ဟုပြန်ဖြေမိသည်။

     "ခဏနေဦး" ဟုဆိုကာ ဒေါ်မြဝေကသူ့တပည့်ကိုခေါ်၍ အနားတွင်ထိုင်ခိုင်းပြီး

     "ကဲ လာပါဦး သူများဆိုင်မှာ ဘာထိုင်လုပ်နေတာလဲ" ဟုမေးလိုက်သည့်အချိန်တွင်

   ဒေါ်မြဝေ၏တပည့်မှာ ချက်ချင်းမျက်နှာတည်သွား၍

     "ငါ့ကိုလူတစ်ယောက်လာထိုင်ခိုင်းထားလို့ထိုင်နေတာပေါ့" အသံခပ်မာမာဖြင့်

ခွန်းတုံ့ပြန်သည်။ ဒေါ်မြဝေက

     "သြော် ဒီလိုလား သူများစီးပွားရေးကိုပျက်စီးအောင်မလုပ်ရဘူးလေ"

     "ငါ...မသိဘူး ငါက...ငါ့ဆိုင်မှာ ငါ့ဘာသာထိုင်နေတာ ငါ့ကိုလ္ဘက်ရည်တိုက်မယ်ဆိုပြီး
      လာခေါ်လို့"  ပြန်ဖြေသည့်အသံကနည်းနည်းပျော့လာသည်။

   ဦးအေးဝင်းလည်း မနေနိုင်တော့ဘဲ ဒေါ်မြဝေကိုအရဲစွန့်၍ တောင်းဆိုလေသည်။

     "ကျွန်တော်ရော ဝင်မေးလို့ရလား"

     "ရပါတယ်" ဒေါ်မြဝေ၏ခွင့်ပြုချက်ရသည်နှင့် သူ့တပည့်ဘက်လှည့်၍

     "ခင်ဗျားကဘယ်သူလဲ"

     "ငါ...ထွန်းဝင်း"

   ဦးအေးဝင်း စဉ်းစားသည်။ သူသိသောဦးထွန်းဝင်းဆိုသည်မှာ ပန်းအိုးတွေရောင်းတဲ့
ဈေးရုံဘက်က၊ ကွယ်လွန်သွားသည်မှာ ၅ နှစ်လောက်ရှိပြီ။

     "အဘထွန်းလား"
 
     "အေး...ဟုတ်တယ် မင်းက ငါ့ကိုမှတ်မိသားပဲ"

     "အဘရော ကျွန်တော့်ကိုသိလား"

     "သိတာပေါ့ အထည်ရောင်းတယ်လေကွာ၊ မင်းအဖေကိုလည်း ငါ ကောင်းကောင်း
      သိတာပေါ့"

     "အဘ ဆုံးသွားတယ်ကြာပြီလေ"

     "ဟုတ်တယ်လေ ငါသေပြီး ငါ့ဆိုင်မှာပဲငါရှိနေတယ် ဘယ်မှမသွားဘူး၊ ငါရှိမှန်းလည်း
      ဘယ်သူမှ မသိကြပါဘူးကွာ"

     "အဘ အခုဆိုအသက် ၆၈ လောက်ရှိပြီပေါ့"

     "အေး ဟုတ်တယ် ငါ ၆၃ နှစ်မှာသေသွားတာ မင်းကမှတ်မိသားပဲ"

     "ကဲ ဒါတွေထားပါဦး အဘကကျွန်တော့်ဆိုင်ပေါ်မှာဘာလုပ်နေတာတုန်း"

     "လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငါ့ကို လူတစ်ယောက် ညနေတိုင်းလာလာ ကြည့်တယ်ကွ၊
      ငါ့ဆိုင်နားကနေပေါ့ကွာ၊ ၂ ရက် ၃ ရက်လောက်နေတော့ "လ္ဘက်ရည်တိုက်မယ် လိုက်ခဲ့"
      ဆိုပြီး ငါ့ကိုလ္ဘက်ရည်ဆိုင်ခေါ်တယ်ကွ"

     "ဟုတ်ကဲ့"

     "ငါ့ကိုလ္ဘက်ရည်တိုက်ပြီးအပြန်ကျတော့ မင်းဆိုင်နားအရောက်မှာ ဒီဆိုင်မှာနေခဲ့၊ ရောင်းမထွက်
      အောင်တားထား ဆိုပြီး ငါ့ကိုထားခဲ့တာ။ မင်းဆိုင်ကိုဝယ်မယ့်သူတွေလာကြည့်ရင် ငါကမောင်း
      ထုတ်ပေးရတယ်၊ ဒါပဲ"

     "ဟာ   သေလိုက်ပါတော့"
     "ဟယ်"

   ဦးအေးဝင်းတို့နှစ်ယောက်စလုံး အံ့သြမိကြသည်။

     "ဒါဆို အဘကိုကျွန်တော်လ္ဘက်ရည်တိုက်မယ် အဘ ကျွန်တော့်ဆိုင်ကနေဖယ်ပေးပါ ဘယ်လိုလဲ"
ဟု ဦးအေးဝင်းက တောင်းဆိုလိုက်သည်။

အဘထွန်းလည်းတွေဝေနေသည့်ပုံ။ အဖြေပြန်မထွက်လာ။

   ဦးအေးဝင်းလည်းတစ်ချက်စဉ်းစားလိုက်ပြီး

     "ဒီလိုလုပ်အဘရယ် အခု အဘကို ကျွန်တော်လ္ဘက်ရည်တိုက်မယ်၊ နောက်နေ့ကျရင်
      ဘုန်းကြီးကျောင်းမှာ အဘအတွက် သင်္ကန်းလှူပြီးအမျှအတမ်းဝေပေးမယ်ဗျာ"

အဖြေချက်ချင်းပြန်ထွက်လာသည်။

     "အေး ကောင်းတယ်ကွာ ငါ သဘောတူတယ်"

   ဒေါ်မြဝေ၏အိမ်ကတစ်ယောက်ကို အကူအညီတောင်း၍ လ္ဘက်ရည်ပါဆယ် မှာလိုက်သည်။
လ္ဘက်ရည်ရောက်လာသည်နှင့်ခွက်ထဲထည့်၍ ဦးအေးဝင်းက

     " အဘ ရော့ လ္ဘက်ရည်သောက်"

   ဦးထွန်းဝင်း၏ဝိဥာဉ်ဝင်ရောက်နေသူဒေါ်မြဝေ၏တပည့်မှာ ဘာမှမပြောမဆိုနှင့် လ္ဘက်ရည်ပူပူကို
တစ်ကျိုက်တည်းမော့ချလိုက်ရာ ဦးအေးဝင်း၊ဒေါ်ခင်သန်းသာမက ဒေါ်မြဝေထံ ကိစ္စမေးရန်ရောက်
နေသူများပင် လန့်ဖျန့်သွားကြသည်။ ဒေါ်မြဝေကတော့ ပြုံးရုံသာပြုံးနေသည်။

   ဦးအေးဝင်းလည်း အဘထွန်းကို လ္ဘက်ရည်တိုက်ပြီးသည်နှင့် ချော့မေးလေတော့သည်။

     "ဒါနဲ့နေပါဦး အဘကိုလာခေါ်တာဘယ်သူလဲ"

     "ငါမသိဘူးကွ၊ တစ်ခါမှမမြင်ဘူးဖူး"

     "ဒါဆို ဘယ်သူလုပ်ခိုင်းတာလဲ အဘသိလား"

အဘထွန်းကမဖြေ။

     "အဘသိရင်ပြောပြပါ အဘရယ် ကျွန်တော်ဘာမှပြန်မလုပ်ပါဘူး"

     "မင်း ငါ့အတွက်ကောင်းမှုလုပ်ပေးမှာနော်"

     "ဟုတ်ကဲ့"

     "အမျှအတမ်းဝေပေးမယ်နော်"

     "စိတ်ချပါအဘ"
   
     "မင်းကတိတည်တယ်နော်"

     "ကျွန်တော်ကတိပေးပါတယ်"

ဒေါ်မြဝေကလည်း

     " ပြောပြလိုက်ပါဦးထွန်းဝင်း၊ ကျွန်မလည်းရှိပါတယ်"

     "အေး ဒါဆို ငါပြောပြမယ် မင်းရဲ့ဆိုင်ကိုသူ့ကိုပဲရောင်းပါ သူ ကျိန်းသေဝယ်ပါမယ်လို့
      ပြောတဲ့သူပဲ မင်းသိမှာပေါ့"

     "ထွေးမောင်လား"

     "အေး ဟုတ်တယ် သူကမင်းဆိုင်ကိုအရမ်းလိုချင်နေတာ၊ သူ့ဦးလေးကလည်းရှိနေတော့
      ဝယ်ဖို့ခက်နေတယ်ကွ။ အဲဒီတော့ သူဝယ်နိုင်မယ့်အချိန်အထိ ငါ့ကိုအချိန်ဆွဲခိုင်းထားတာ
      ပေါ့ကွ။ မင်းက ငါ့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးမယ်ဆိုလို့ ငါပြောပြတာ၊ မဟုတ်ရင်
      ငါမပြောရဲဘူး၊ ငါ့ကိုဆိုင်မှာလာခေါ်တဲ့လူက ငါ့ကိုနှိပ်စက်လိမ့်မယ်၊ ဟေ့ကောင်အေးဝင်း
      ငါမောလာပြီကွာ သွားတော့မယ် မင်းရဲ့ကတိသာတည်ပါစေကွာ"

ဟုပြောပြီး ဒေါ်မြဝေ၏တပည့်လည်းပုံမှန်အနေအထားပြန်ဖြစ်သွားပြီး

     "အဆင်ပြေကြရဲ့လားခင်ဗျာ" ဟုမေးလေသည်။

ဒေါ်မြဝေက

     "အေး အဆင်ပြေသွားပြီ၊ နင်လည်းမောနေမှာ ရေသောက်လိုက်ဦး။" ဟုပြောပြီး

ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းဘယ်ကိုလှည့်၍

     "မနက်ဖြန်ကို ဦးထွန်းဝင်းအတွက် အလှူအတန်းလုပ်ဖို့စီစဉ်ပါ၊
      မြို့ဦးကျောင်းဘုန်းကြီးကို ကွယ်လွန်သူဦးထွန်းဝင်းအတွက်လို့ပြောပြီး သင်္ကန်းတစ်စုံ
      လှူလိုက်ပါ အမျှဝေခါနီးကျရင် ဘုန်းကြီးကိုခွင့်တောင်း၊ ဘုန်ကြီးကျောင်းအပေါက်ဝကနေ
      ဦးထွန်းဝင်းကိုအမျှအတမ်းဝေဖို့ခေါ်လိုက်ပါ"

     "ဟုတ်ကဲ့ ကျွန်တော်တို့မနက်ဖြန်လုပ်လိုက်ပါ့မယ် ကျွန်တော်မရှင်းလို့မေးပါရစေ၊
      ကျွန်တော်တို့လင်မယားလည်းဘုရားတရားနေ့တိုင်းလုပ်နေတာပဲ ကျွန်တော်တို့ကို အခုလိုမျိုး
      လုပ်လို့ရနေတာပဲလား"

     "ဝဋ်ကြွေးပေါ့ ဦးအေးဝင်းရယ် ဝဋ်ကြွေးပါလာရင်ရှောင်လို့မရဘူး ဝဋ်ကြွေးကသေးရင်သေးသလို၊
      ကြီးရင်ကြီးသလိုပေါ့၊ ကိုယ်ကလည်းဘုရားတရားမြဲနေတယ် ဝဋ်ကြွေးကုန်မယ့်အချိန်ရောက်လာ
      တော့ အဖြေပေါ်လာတာပေါ့ ဘုရားတရားမြဲနေရင် ကူညီမယ့်သူတွေကအပြည့်အဝကူညီလို့ရတာ
      ပေါ့ ကိုယ်မမြင်ရပဲ ကိုယ့်ကိုကူညီနေတဲ့သူတွေရှိပါတယ် ကျွန်မဆိုရင်လည်း ကျွန်မကိုကူညီမယ့်သူ
      တွေရှိနေလို့ ဦးအေးဝင်းတို့ကို ပြန်ပြီးကူညီလို့ရတာပေါ့။
      မြတ်စွာဘုရားရှင်လက်ထက်ကလို နတ်ကောင်းနတ်မြတ်တွေက ကိုယ်ထင်ပြပြီးကူညီပေးတဲ့ခေတ်
      မဟုတ်တော့ဘူး။ ဘုရားသာသနာခေတ်မဟုတ်တော့ဘူးလေ၊ တရားပျက်တဲ့သူတွေများနေပြီ။
     ဘာမျှော်လင့်ချက်မှမထားပဲ ဘာသာရေးကိုအာရုံထားပြီးလုပ်ဖို့အကြံပြုချင်ပါတယ်၊ ဦးအေးဝင်းတို့က
     အသက်လည်းကြီးပြီလေ။

     "ဟုတ်ပါတယ် ဒီကိစ္စတော့ကျွန်တော်တို့ဘယ်လိုမှထင်မထားတဲ့ကိစ္စပါပဲ"

     "ဒါမျိုးတွေရှိပါတယ် ကျွန်မ အမြဲတမ်းကူညီပေးနေရတာပါ ကြုံရင်ထပ်ပြောပြပါဦးမယ်"

     "ဟုတ်ကဲ့ မနက်ဖြန် ဘုန်းကြီးကျောင်းမှာသွားလှူလိုက်ပါမယ်"

     "လိုအပ်တာရှိရင် ထပ်လာခဲ့ပါဦး ကျွန်မကူညီနိုင်တာဆိုရင် အကုန်ကူညီပေးပါ့မယ်
      အလှူလုပ်ဖို့ရှိရင် ဒါနပါဝင်နိုင်အောင်ဖိတ်လိုက်ပါ့မယ်"

     "ဟုတ်ကဲ့ ခွင့်ပြုပါဦး" ဟုခွင့်ပန်ရင်း ပြန်လာခဲ့ကြသည်။

   နောက်တစ်နေ့မနက်တွင် မြို့ဦးဘုန်းကြီးကျောင်းသို့ သင်္ကန်းတစ်စုံ၊ လှူဖွယ်မုန့်များ
ယူသွားကာ ဘုန်းဘုန်းကိုဖြစ်ကြောင်းကုန်စင်လျှောက်ထား၍ အလှူဒါနပြုကြလေသည်။
အမျှအတမ်းဝေခါနီး၌ ဘုန်းဘုန်းက

     "ဒကာကြီး ဟောဟိုတံခါးပေါက်ဝကနေ ဦးထွန်းဝင်းကိုအမျှအတမ်းဝေဖို့ခေါ်ပေတော့
      ဘုန်းဘုန်းစောင့်နေမယ်"

ဦးအေးဝင်းလည်း

     "တင်ပါ့ဘုရား" ဟုဆိုကာ ကျောင်းအပေါက်ဝနားသွား၍
     "အဘဦးထွန်းဝင်းရေ အဘအတွက် အလှူမှာ သာဓုခေါ်ဆိုဖို့လာပါ" ဟုအသံပြုပြီးပြန်
လှည့်လာသည်။

     "ကဲ ဒကာကြီးနဲ့ဒကာမကြီးက သင်္ကန်းကိုဘေးတစ်ဘက်တစ်ချက်စီကိုင်၊ သူ့အတွက်
      အလယ်မှာနေရာပေးလိုက်ပေါ့အမျှအတမ်းဝေမယ်၊ ကွယ်လွန်သူဦးထွန်းဝင်းအားရည်စူး
      ၍ ယနေ့ယခုပြုပြုသမျှကုသိုလ်ကောင်းမှုတို့ကို ရှိရှိသမျှ၊ကြားကြားသမျှ
      အမျှ...အမျှ...အမျှ... ယူတော်မူကြပါကုန်လော့
      သာဓု...သာဓု...သာဓု...ပါဘုရား

      အမျှ...အမျှ...အမျှ... ယူတော်မူကြပါကုန်လော့
      သာဓု...သာဓု...သာဓု...ပါဘုရား

      အမျှ...အမျှ...အမျှ... ယူတော်မူကြပါကုန်လော့
      သာဓု...သာဓု...သာဓု...ပါဘုရား

------------------ ------------------------- -----------------------

   နောက် ၃ ရက်အကြာမှာ ဆိုင်ခန်းဈေးညှိုနှိုင်းဖို့ကိစ္စပေါ်ပေါက်လာပါတော့သည်။ သို့သော်
ပေးသည့်ဈေးကနည်းနေသေးသည်။ ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းလည်း ဒေါ်မြဝေထံ နောက်
တစ်ခေါက်ထပ်သွားကြပြန်သည်။

   ဒေါ်မြဝေ၏အိမ်၌ ရှေ့ကရောက်နှင့်နေသည့်အဖွဲ့ကမပြီးသေး၍စောင့်နေရသေးသည်။
ကိစ္စလာမေးသည်မှာ ရွာသူရွာသားများဖြစ်ကြသည်။ဒေါ်မြဝေ၏တပည့်ကလည်း ပုဆိုးခါးတောင်း
ကြိုက်၍ကလေးတွေ ထွေခင်းတိုင်းကစားသလို လက်ကထွေခင်းသည့်ပုံစံဖြစ်နေသည်။ ဒေါ်မြဝေ
လည်း ဦးအေးဝင်းတို့ဝင်လာသည်ကိုမြင်သည်နှင့်

     "ခဏနေဦးနော်" ဟူသောသဘောဖြင့်လက်ကာပြီပြီး သူ့တပည့်ဘက်ကိုလှည့်၍

     " ဟဲ့ ကောင်လေး ဘာလုပ်နေတာတုန်း" ဟုဆူလိုက်ရာ

     "ထွေခင်းနေတာဗျ ကြီးကြီးရ"

     "လူရှေ့သူရှေ့မှာ ငြိမ်ငြိမ်နေစမ်း" ဟုငေါက်လိုက်တော့မှ ထိုင်ခုံမှာထိုင်လေသည်၊
ပုဆိုးခါးတောင်းကြိုက်ကတော့မဖြုတ်သေး။

   ကိစ္စများပြီးစီးကြ၍ အားလုံးပြန်သွားကြပြီးနောက်

     "ဘာထူးလဲ ဦးအေးဝင်း" ဟုဒေါ်မြဝေကမေးရာ

     "ဆိုင်ခန်းကတော့ဈေးလာညှိတဲ့သူလာတယ် ဒါပေမယ့် အရင်ခေါ်ဈေးထက်နည်းနေလို့ပါ
      ပြီးတော့ အဘထွန်းလည်းဆိုင်မှာရှိသေးလားလို့ သိချင်တာလဲပါပါတယ်"

     "မြို့ဦးကျောင်းမှာသွားလှူပြီးပြီလား"

     "ဟုတ်ကဲ့ ပြီးပါပြီ"

     "ဒါဆိုခဏလေး" ဟုဆိုကာ သူ့တပည့်ကိုဘေးမှာလာထိုင်ခိုင်းပြီး မျက်လွှာချလိုက်လေသည်။

သိပ်မကြာလိုက် သူ့တပည့်ကအသံအောအောနှင့်

     " အေး ဆိုစမ်းပါဦးကွ"

     "အဘထွန်းလား"

     "ဟုတ်တယ်လေကွာ"

     "ဒီလိုပါ မြို့ဦးကျောင်းမှာ အမျှမဝေခင်အဘထွန်းကိုကျွန်တော် ကျောင်းရှေ့ကနေထွက်ခေါ်တာ
      ကြားရဲ့လား"

     "ဟ ကြားတာပေါ့ကွ မင်းတို့လှူပေးတဲ့အလှူကို ငါရပါတယ် ကျေးဇူးတင်ပါတယ်ကွာ
      မင်းကငါ့ကိုဘာကိစ္စခေါ်တာတုန်း ငါ မင်းဆိုင်မှာမနေတော့ဘူးကွ"

     "ဒီလိုပါ ဆိုင်ခန်းကဝယ်သူလာပါပြီ ဒါပေမယ့် ပေးတဲ့ဈေးကနဲနေလို့ပါ"

ခဏစဉ်းစားပြီးနောက်

     "ဟေ့ကောင် အဲဒါထန်ကုန်ပဲကွ၊ မရတော့ဘူး"

ဦးအေးဝင်းလည်းစိတ်လျှော့လိုက်သည်။

     "ဒါဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲလေ"

     "အေး တခြားထွေထွေထူးထူးမရှိရင်ငါသွားတော့မယ်ကွာ"

   ဦးအေးဝင်း၏ "ဟုတ်ကဲ့" ဟူသောစကားအဆုံးတွင် ဒေါ်မြဝေ၏တပည့်လည်း ပုံမှန်အနေအထား
ပြန်ဖြစ်သွားလေသည်။

ဒေါ်မြဝေကလည်း

     "ဆိုင်ခန်းရောင်းပြီးရင်အလှူအတန်းလုပ်ပေါ့"

     "ဟုတ်ကဲ့ စိတ်ချပါ ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦး"