ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းတို့မှာ မြို့မဈေးတွင် ကိုယ်ပိုင်ဆိုင်ခန်းနှင့် အဝတ်အထည်များ
ရောင်းချသောအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုလာခဲ့ကြသော်လည်း၊ အသက်အရွယ်
ကြီးရင့်လာသည်နှင့်အမျှ၊ ရှေ့ရေးအတွက်အိုစာမင်းစာကိုစဉ်းစားပြီးသကာလ၊ လုပ်ငန်းကို
ဖြုတ်၍ ဆိုင်ခန်းကိုရောင်းချကာ အေးအေးဆေးဆေးနေတော့မည်ဟူသော စိတ်ကူးဖြင့်...
ဆိုင်ခန်းကလည်းဒေါင့်ခန်း၊ လူကြိုက်များသည်။ ရောင်းဖို့ပြေားထားသည်မှာလည်းကြာပြီ။
သို့ပေမယ့်...တော်တော်နှင့်ရောင်းမထွက်နိုင်။ ဒေါ်ခင်သန်းမှာ ဗေဒင်မေးပြီးယတြာချေရ
သည်က မောလှပြီ။ ဦအေးဝင်းလည်း စိတ်ဓါတ်ကျနေပြီ။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက "ကျွန်တော့်ကိုပဲရောင်းပါဗျာ" ဟု တဖွဖွပြောနေခဲ့သော
မျက်စောင်းထိုးဆိုင်ခန်းမှ ထွေးမောင်ဆိုသူကလည်း "ပိုက်ဆံစုနေပါပြီ" ပြောလိုက်၊ "ငွေလိုနေ
သေးလို့ပါ" လို့ပြောလိုက်နှင့် ဆင်ခြေဆင်လက်ကုန်လုနီးပါဖြစ်နေလေပြီ။
ထွေးမောင်ဆိုသည်မှာ တကယ်တော့ သူ့ဦးလေး၏အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင်
လခစားအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦး။ မရိုးသားသော်လည်း ကြိုးစားသောကြောင့်
သူ့ကို လက်လွှတ်၍မရပေ။ လစ်ရင်လစ်သလို စာရင်းဖျောက်တတ်သည်။
ထွေးမောင်သည် ဦးအေးဝင်း၏ဆိုင်ခန်းကို အလွန်လိုချင်နေသည်။ ဒီဆိုင်ခန်းမှာ သူ ပိုင်နိုင်
သော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ဖွင့်လိုက်ရရင်..ဟူသောအကြံဖြင့်။ တစ်ဖက်မှာလည်း
သူ့ဦးလေးက ငုတ်တုတ်ကြီးရှိနေသေးသဖြင့် ခေါင်းခဲနေပြီ။ သူ့အစ်မနှင့်တိုင်ပင်၍...
ဒေါ်ခင်သန်းမှာ ဆိုင်ခန်းရောင်းထွက်ဖို့အရေး ဟိုလူ့မေး၊ ဒီလူ့မေးနှင့်။
နောက်ဆုံး...ဒေါ်မြဝေနှင့်တွေ့လေသည်။
ဒေါ်မြဝေသည် ဘာသာရေးအလုပ်ကိုဇောက်ချလုပ်ကိုင်နေသူဖြစ်ပြီး၊ အမှောင့်ပယောဂ၊
သရိုးသရီကိစ္စများကို ကူညီတတ်သူတစ်ဦးဖြစ်သည်။
ဒေါ်ခင်သန်းလည်း ဦးအေးဝင်းကိုခေါ်၍ နှစ်ယောက်သား ဒေါ်မြဝေနှင့်သွားရောက်တွေ့ဆုံ
ကာ အကျိုးအကြောင်းရှင်းပြလေသည်။
ထိုအခါ ဒေါ်မြဝေကမျက်စိမှိတ်၊ အာရုံပြုလျက်
"အင်း...ဘယ်သူတုန်း ဆိုင်ပေါ်မှာထိုင်တာ" ဟုဆိုလေသည်။
ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းတို့မှာ နားမလည်ပဲ
"ဆိုင်ကရောင်းတော့မှာဆိုတော့ ဘယ်သူမှမထိုင်တော့ပါဘူး" ဟုပြန်ဖြေမိသည်။
"ခဏနေဦး" ဟုဆိုကာ ဒေါ်မြဝေကသူ့တပည့်ကိုခေါ်၍ အနားတွင်ထိုင်ခိုင်းပြီး
"ကဲ လာပါဦး သူများဆိုင်မှာ ဘာထိုင်လုပ်နေတာလဲ" ဟုမေးလိုက်သည့်အချိန်တွင်
ဒေါ်မြဝေ၏တပည့်မှာ ချက်ချင်းမျက်နှာတည်သွား၍
"ငါ့ကိုလူတစ်ယောက်လာထိုင်ခိုင်းထားလို့ထိုင်နေတာပေါ့" အသံခပ်မာမာဖြင့်
ခွန်းတုံ့ပြန်သည်။ ဒေါ်မြဝေက
"သြော် ဒီလိုလား သူများစီးပွားရေးကိုပျက်စီးအောင်မလုပ်ရဘူးလေ"
"ငါ...မသိဘူး ငါက...ငါ့ဆိုင်မှာ ငါ့ဘာသာထိုင်နေတာ ငါ့ကိုလ္ဘက်ရည်တိုက်မယ်ဆိုပြီး
လာခေါ်လို့" ပြန်ဖြေသည့်အသံကနည်းနည်းပျော့လာသည်။
ဦးအေးဝင်းလည်း မနေနိုင်တော့ဘဲ ဒေါ်မြဝေကိုအရဲစွန့်၍ တောင်းဆိုလေသည်။
"ကျွန်တော်ရော ဝင်မေးလို့ရလား"
"ရပါတယ်" ဒေါ်မြဝေ၏ခွင့်ပြုချက်ရသည်နှင့် သူ့တပည့်ဘက်လှည့်၍
"ခင်ဗျားကဘယ်သူလဲ"
"ငါ...ထွန်းဝင်း"
ဦးအေးဝင်း စဉ်းစားသည်။ သူသိသောဦးထွန်းဝင်းဆိုသည်မှာ ပန်းအိုးတွေရောင်းတဲ့
ဈေးရုံဘက်က၊ ကွယ်လွန်သွားသည်မှာ ၅ နှစ်လောက်ရှိပြီ။
"အဘထွန်းလား"
"အေး...ဟုတ်တယ် မင်းက ငါ့ကိုမှတ်မိသားပဲ"
"အဘရော ကျွန်တော့်ကိုသိလား"
"သိတာပေါ့ အထည်ရောင်းတယ်လေကွာ၊ မင်းအဖေကိုလည်း ငါ ကောင်းကောင်း
သိတာပေါ့"
"အဘ ဆုံးသွားတယ်ကြာပြီလေ"
"ဟုတ်တယ်လေ ငါသေပြီး ငါ့ဆိုင်မှာပဲငါရှိနေတယ် ဘယ်မှမသွားဘူး၊ ငါရှိမှန်းလည်း
ဘယ်သူမှ မသိကြပါဘူးကွာ"
"အဘ အခုဆိုအသက် ၆၈ လောက်ရှိပြီပေါ့"
"အေး ဟုတ်တယ် ငါ ၆၃ နှစ်မှာသေသွားတာ မင်းကမှတ်မိသားပဲ"
"ကဲ ဒါတွေထားပါဦး အဘကကျွန်တော့်ဆိုင်ပေါ်မှာဘာလုပ်နေတာတုန်း"
"လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငါ့ကို လူတစ်ယောက် ညနေတိုင်းလာလာ ကြည့်တယ်ကွ၊
ငါ့ဆိုင်နားကနေပေါ့ကွာ၊ ၂ ရက် ၃ ရက်လောက်နေတော့ "လ္ဘက်ရည်တိုက်မယ် လိုက်ခဲ့"
ဆိုပြီး ငါ့ကိုလ္ဘက်ရည်ဆိုင်ခေါ်တယ်ကွ"
"ဟုတ်ကဲ့"
"ငါ့ကိုလ္ဘက်ရည်တိုက်ပြီးအပြန်ကျတော့ မင်းဆိုင်နားအရောက်မှာ ဒီဆိုင်မှာနေခဲ့၊ ရောင်းမထွက်
အောင်တားထား ဆိုပြီး ငါ့ကိုထားခဲ့တာ။ မင်းဆိုင်ကိုဝယ်မယ့်သူတွေလာကြည့်ရင် ငါကမောင်း
ထုတ်ပေးရတယ်၊ ဒါပဲ"
"ဟာ သေလိုက်ပါတော့"
"ဟယ်"
ဦးအေးဝင်းတို့နှစ်ယောက်စလုံး အံ့သြမိကြသည်။
"ဒါဆို အဘကိုကျွန်တော်လ္ဘက်ရည်တိုက်မယ် အဘ ကျွန်တော့်ဆိုင်ကနေဖယ်ပေးပါ ဘယ်လိုလဲ"
ဟု ဦးအေးဝင်းက တောင်းဆိုလိုက်သည်။
အဘထွန်းလည်းတွေဝေနေသည့်ပုံ။ အဖြေပြန်မထွက်လာ။
ဦးအေးဝင်းလည်းတစ်ချက်စဉ်းစားလိုက်ပြီး
"ဒီလိုလုပ်အဘရယ် အခု အဘကို ကျွန်တော်လ္ဘက်ရည်တိုက်မယ်၊ နောက်နေ့ကျရင်
ဘုန်းကြီးကျောင်းမှာ အဘအတွက် သင်္ကန်းလှူပြီးအမျှအတမ်းဝေပေးမယ်ဗျာ"
အဖြေချက်ချင်းပြန်ထွက်လာသည်။
"အေး ကောင်းတယ်ကွာ ငါ သဘောတူတယ်"
ဒေါ်မြဝေ၏အိမ်ကတစ်ယောက်ကို အကူအညီတောင်း၍ လ္ဘက်ရည်ပါဆယ် မှာလိုက်သည်။
လ္ဘက်ရည်ရောက်လာသည်နှင့်ခွက်ထဲထည့်၍ ဦးအေးဝင်းက
" အဘ ရော့ လ္ဘက်ရည်သောက်"
ဦးထွန်းဝင်း၏ဝိဥာဉ်ဝင်ရောက်နေသူဒေါ်မြဝေ၏တပည့်မှာ ဘာမှမပြောမဆိုနှင့် လ္ဘက်ရည်ပူပူကို
တစ်ကျိုက်တည်းမော့ချလိုက်ရာ ဦးအေးဝင်း၊ဒေါ်ခင်သန်းသာမက ဒေါ်မြဝေထံ ကိစ္စမေးရန်ရောက်
နေသူများပင် လန့်ဖျန့်သွားကြသည်။ ဒေါ်မြဝေကတော့ ပြုံးရုံသာပြုံးနေသည်။
ဦးအေးဝင်းလည်း အဘထွန်းကို လ္ဘက်ရည်တိုက်ပြီးသည်နှင့် ချော့မေးလေတော့သည်။
"ဒါနဲ့နေပါဦး အဘကိုလာခေါ်တာဘယ်သူလဲ"
"ငါမသိဘူးကွ၊ တစ်ခါမှမမြင်ဘူးဖူး"
"ဒါဆို ဘယ်သူလုပ်ခိုင်းတာလဲ အဘသိလား"
အဘထွန်းကမဖြေ။
"အဘသိရင်ပြောပြပါ အဘရယ် ကျွန်တော်ဘာမှပြန်မလုပ်ပါဘူး"
"မင်း ငါ့အတွက်ကောင်းမှုလုပ်ပေးမှာနော်"
"ဟုတ်ကဲ့"
"အမျှအတမ်းဝေပေးမယ်နော်"
"စိတ်ချပါအဘ"
"မင်းကတိတည်တယ်နော်"
"ကျွန်တော်ကတိပေးပါတယ်"
ဒေါ်မြဝေကလည်း
" ပြောပြလိုက်ပါဦးထွန်းဝင်း၊ ကျွန်မလည်းရှိပါတယ်"
"အေး ဒါဆို ငါပြောပြမယ် မင်းရဲ့ဆိုင်ကိုသူ့ကိုပဲရောင်းပါ သူ ကျိန်းသေဝယ်ပါမယ်လို့
ပြောတဲ့သူပဲ မင်းသိမှာပေါ့"
"ထွေးမောင်လား"
"အေး ဟုတ်တယ် သူကမင်းဆိုင်ကိုအရမ်းလိုချင်နေတာ၊ သူ့ဦးလေးကလည်းရှိနေတော့
ဝယ်ဖို့ခက်နေတယ်ကွ။ အဲဒီတော့ သူဝယ်နိုင်မယ့်အချိန်အထိ ငါ့ကိုအချိန်ဆွဲခိုင်းထားတာ
ပေါ့ကွ။ မင်းက ငါ့အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးမယ်ဆိုလို့ ငါပြောပြတာ၊ မဟုတ်ရင်
ငါမပြောရဲဘူး၊ ငါ့ကိုဆိုင်မှာလာခေါ်တဲ့လူက ငါ့ကိုနှိပ်စက်လိမ့်မယ်၊ ဟေ့ကောင်အေးဝင်း
ငါမောလာပြီကွာ သွားတော့မယ် မင်းရဲ့ကတိသာတည်ပါစေကွာ"
ဟုပြောပြီး ဒေါ်မြဝေ၏တပည့်လည်းပုံမှန်အနေအထားပြန်ဖြစ်သွားပြီး
"အဆင်ပြေကြရဲ့လားခင်ဗျာ" ဟုမေးလေသည်။
ဒေါ်မြဝေက
"အေး အဆင်ပြေသွားပြီ၊ နင်လည်းမောနေမှာ ရေသောက်လိုက်ဦး။" ဟုပြောပြီး
ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းဘယ်ကိုလှည့်၍
"မနက်ဖြန်ကို ဦးထွန်းဝင်းအတွက် အလှူအတန်းလုပ်ဖို့စီစဉ်ပါ၊
မြို့ဦးကျောင်းဘုန်းကြီးကို ကွယ်လွန်သူဦးထွန်းဝင်းအတွက်လို့ပြောပြီး သင်္ကန်းတစ်စုံ
လှူလိုက်ပါ အမျှဝေခါနီးကျရင် ဘုန်းကြီးကိုခွင့်တောင်း၊ ဘုန်ကြီးကျောင်းအပေါက်ဝကနေ
ဦးထွန်းဝင်းကိုအမျှအတမ်းဝေဖို့ခေါ်လိုက်ပါ"
"ဟုတ်ကဲ့ ကျွန်တော်တို့မနက်ဖြန်လုပ်လိုက်ပါ့မယ် ကျွန်တော်မရှင်းလို့မေးပါရစေ၊
ကျွန်တော်တို့လင်မယားလည်းဘုရားတရားနေ့တိုင်းလုပ်နေတာပဲ ကျွန်တော်တို့ကို အခုလိုမျိုး
လုပ်လို့ရနေတာပဲလား"
"ဝဋ်ကြွေးပေါ့ ဦးအေးဝင်းရယ် ဝဋ်ကြွေးပါလာရင်ရှောင်လို့မရဘူး ဝဋ်ကြွေးကသေးရင်သေးသလို၊
ကြီးရင်ကြီးသလိုပေါ့၊ ကိုယ်ကလည်းဘုရားတရားမြဲနေတယ် ဝဋ်ကြွေးကုန်မယ့်အချိန်ရောက်လာ
တော့ အဖြေပေါ်လာတာပေါ့ ဘုရားတရားမြဲနေရင် ကူညီမယ့်သူတွေကအပြည့်အဝကူညီလို့ရတာ
ပေါ့ ကိုယ်မမြင်ရပဲ ကိုယ့်ကိုကူညီနေတဲ့သူတွေရှိပါတယ် ကျွန်မဆိုရင်လည်း ကျွန်မကိုကူညီမယ့်သူ
တွေရှိနေလို့ ဦးအေးဝင်းတို့ကို ပြန်ပြီးကူညီလို့ရတာပေါ့။
မြတ်စွာဘုရားရှင်လက်ထက်ကလို နတ်ကောင်းနတ်မြတ်တွေက ကိုယ်ထင်ပြပြီးကူညီပေးတဲ့ခေတ်
မဟုတ်တော့ဘူး။ ဘုရားသာသနာခေတ်မဟုတ်တော့ဘူးလေ၊ တရားပျက်တဲ့သူတွေများနေပြီ။
ဘာမျှော်လင့်ချက်မှမထားပဲ ဘာသာရေးကိုအာရုံထားပြီးလုပ်ဖို့အကြံပြုချင်ပါတယ်၊ ဦးအေးဝင်းတို့က
အသက်လည်းကြီးပြီလေ။
"ဟုတ်ပါတယ် ဒီကိစ္စတော့ကျွန်တော်တို့ဘယ်လိုမှထင်မထားတဲ့ကိစ္စပါပဲ"
"ဒါမျိုးတွေရှိပါတယ် ကျွန်မ အမြဲတမ်းကူညီပေးနေရတာပါ ကြုံရင်ထပ်ပြောပြပါဦးမယ်"
"ဟုတ်ကဲ့ မနက်ဖြန် ဘုန်းကြီးကျောင်းမှာသွားလှူလိုက်ပါမယ်"
"လိုအပ်တာရှိရင် ထပ်လာခဲ့ပါဦး ကျွန်မကူညီနိုင်တာဆိုရင် အကုန်ကူညီပေးပါ့မယ်
အလှူလုပ်ဖို့ရှိရင် ဒါနပါဝင်နိုင်အောင်ဖိတ်လိုက်ပါ့မယ်"
"ဟုတ်ကဲ့ ခွင့်ပြုပါဦး" ဟုခွင့်ပန်ရင်း ပြန်လာခဲ့ကြသည်။
နောက်တစ်နေ့မနက်တွင် မြို့ဦးဘုန်းကြီးကျောင်းသို့ သင်္ကန်းတစ်စုံ၊ လှူဖွယ်မုန့်များ
ယူသွားကာ ဘုန်းဘုန်းကိုဖြစ်ကြောင်းကုန်စင်လျှောက်ထား၍ အလှူဒါနပြုကြလေသည်။
အမျှအတမ်းဝေခါနီး၌ ဘုန်းဘုန်းက
"ဒကာကြီး ဟောဟိုတံခါးပေါက်ဝကနေ ဦးထွန်းဝင်းကိုအမျှအတမ်းဝေဖို့ခေါ်ပေတော့
ဘုန်းဘုန်းစောင့်နေမယ်"
ဦးအေးဝင်းလည်း
"တင်ပါ့ဘုရား" ဟုဆိုကာ ကျောင်းအပေါက်ဝနားသွား၍
"အဘဦးထွန်းဝင်းရေ အဘအတွက် အလှူမှာ သာဓုခေါ်ဆိုဖို့လာပါ" ဟုအသံပြုပြီးပြန်
လှည့်လာသည်။
"ကဲ ဒကာကြီးနဲ့ဒကာမကြီးက သင်္ကန်းကိုဘေးတစ်ဘက်တစ်ချက်စီကိုင်၊ သူ့အတွက်
အလယ်မှာနေရာပေးလိုက်ပေါ့အမျှအတမ်းဝေမယ်၊ ကွယ်လွန်သူဦးထွန်းဝင်းအားရည်စူး
၍ ယနေ့ယခုပြုပြုသမျှကုသိုလ်ကောင်းမှုတို့ကို ရှိရှိသမျှ၊ကြားကြားသမျှ
အမျှ...အမျှ...အမျှ... ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...ပါဘုရား
အမျှ...အမျှ...အမျှ... ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...ပါဘုရား
အမျှ...အမျှ...အမျှ... ယူတော်မူကြပါကုန်လော့
သာဓု...သာဓု...သာဓု...ပါဘုရား
------------------ ------------------------- -----------------------
နောက် ၃ ရက်အကြာမှာ ဆိုင်ခန်းဈေးညှိုနှိုင်းဖို့ကိစ္စပေါ်ပေါက်လာပါတော့သည်။ သို့သော်
ပေးသည့်ဈေးကနည်းနေသေးသည်။ ဦးအေးဝင်းနှင့်ဒေါ်ခင်သန်းလည်း ဒေါ်မြဝေထံ နောက်
တစ်ခေါက်ထပ်သွားကြပြန်သည်။
ဒေါ်မြဝေ၏အိမ်၌ ရှေ့ကရောက်နှင့်နေသည့်အဖွဲ့ကမပြီးသေး၍စောင့်နေရသေးသည်။
ကိစ္စလာမေးသည်မှာ ရွာသူရွာသားများဖြစ်ကြသည်။ဒေါ်မြဝေ၏တပည့်ကလည်း ပုဆိုးခါးတောင်း
ကြိုက်၍ကလေးတွေ ထွေခင်းတိုင်းကစားသလို လက်ကထွေခင်းသည့်ပုံစံဖြစ်နေသည်။ ဒေါ်မြဝေ
လည်း ဦးအေးဝင်းတို့ဝင်လာသည်ကိုမြင်သည်နှင့်
"ခဏနေဦးနော်" ဟူသောသဘောဖြင့်လက်ကာပြီပြီး သူ့တပည့်ဘက်ကိုလှည့်၍
" ဟဲ့ ကောင်လေး ဘာလုပ်နေတာတုန်း" ဟုဆူလိုက်ရာ
"ထွေခင်းနေတာဗျ ကြီးကြီးရ"
"လူရှေ့သူရှေ့မှာ ငြိမ်ငြိမ်နေစမ်း" ဟုငေါက်လိုက်တော့မှ ထိုင်ခုံမှာထိုင်လေသည်၊
ပုဆိုးခါးတောင်းကြိုက်ကတော့မဖြုတ်သေး။
ကိစ္စများပြီးစီးကြ၍ အားလုံးပြန်သွားကြပြီးနောက်
"ဘာထူးလဲ ဦးအေးဝင်း" ဟုဒေါ်မြဝေကမေးရာ
"ဆိုင်ခန်းကတော့ဈေးလာညှိတဲ့သူလာတယ် ဒါပေမယ့် အရင်ခေါ်ဈေးထက်နည်းနေလို့ပါ
ပြီးတော့ အဘထွန်းလည်းဆိုင်မှာရှိသေးလားလို့ သိချင်တာလဲပါပါတယ်"
"မြို့ဦးကျောင်းမှာသွားလှူပြီးပြီလား"
"ဟုတ်ကဲ့ ပြီးပါပြီ"
"ဒါဆိုခဏလေး" ဟုဆိုကာ သူ့တပည့်ကိုဘေးမှာလာထိုင်ခိုင်းပြီး မျက်လွှာချလိုက်လေသည်။
သိပ်မကြာလိုက် သူ့တပည့်ကအသံအောအောနှင့်
" အေး ဆိုစမ်းပါဦးကွ"
"အဘထွန်းလား"
"ဟုတ်တယ်လေကွာ"
"ဒီလိုပါ မြို့ဦးကျောင်းမှာ အမျှမဝေခင်အဘထွန်းကိုကျွန်တော် ကျောင်းရှေ့ကနေထွက်ခေါ်တာ
ကြားရဲ့လား"
"ဟ ကြားတာပေါ့ကွ မင်းတို့လှူပေးတဲ့အလှူကို ငါရပါတယ် ကျေးဇူးတင်ပါတယ်ကွာ
မင်းကငါ့ကိုဘာကိစ္စခေါ်တာတုန်း ငါ မင်းဆိုင်မှာမနေတော့ဘူးကွ"
"ဒီလိုပါ ဆိုင်ခန်းကဝယ်သူလာပါပြီ ဒါပေမယ့် ပေးတဲ့ဈေးကနဲနေလို့ပါ"
ခဏစဉ်းစားပြီးနောက်
"ဟေ့ကောင် အဲဒါထန်ကုန်ပဲကွ၊ မရတော့ဘူး"
ဦးအေးဝင်းလည်းစိတ်လျှော့လိုက်သည်။
"ဒါဆိုလည်း ဘယ်တတ်နိုင်ပါ့မလဲလေ"
"အေး တခြားထွေထွေထူးထူးမရှိရင်ငါသွားတော့မယ်ကွာ"
ဦးအေးဝင်း၏ "ဟုတ်ကဲ့" ဟူသောစကားအဆုံးတွင် ဒေါ်မြဝေ၏တပည့်လည်း ပုံမှန်အနေအထား
ပြန်ဖြစ်သွားလေသည်။
ဒေါ်မြဝေကလည်း
"ဆိုင်ခန်းရောင်းပြီးရင်အလှူအတန်းလုပ်ပေါ့"
"ဟုတ်ကဲ့ စိတ်ချပါ ကျွန်တော်တို့ကိုပြန်ခွင့်ပြုပါဦး"
No comments:
Post a Comment